CNI News

၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၄

လက်ရှိ မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည်တင်သွင်းမှုလုပ်ငန်း၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းများ၌ ထိခိုက်နစ်နာများ ရှိနေသည့်အတွက်  အစိုးရသစ် လက်ထက်၌ စီးပွား‌ရေးကဏ္ဍကို ထိခိုက်စေသည့် မူဝါဒနှင့် ဥပဒေများအား ဖြေလျှော့ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာစေရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ထိုင်း၊ အိန္ဒိယ စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေ သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရခြင်း၊ စီးပွားရေး မူဝါဒနှင့်ဥပဒေများ တင်းကြပ်ခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် ၅ နှစ်တာကာလအတွင်း လုံခြုံရေးကဏ္ဍအရ ထုတ်ထားသည့် စီးပွားရေးဥပဒေများရှိကြောင်း၊ ထိုဥပဒေများအနက် စီးပွားရေးကဏ္ဍအား ထိခိုက်စေနိုင်သည့် ဥပဒေများရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

စီးပွားရေးဆိုင်ရာ သတ်မှတ်ချက် ဥပဒေကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ တချို့ဥပဒေတွေ ပြန်ပြောင်းပေးဖို့ လိုတယ်လေ။ ဒီ ၅ နှစ်တာ ကာလအတွင်းမှာ အဲ့ဒီလို လုံခြုံ ရေး ကဏ္ဍအရ ထုတ်ထားတဲ့ ဥပဒေတွေရှိတယ်။ ဒါစီးပွား‌ရေးကဏ္ဍကို ထိခိုက်နိုင်တဲ့ ဟာတွေရှိတယ်။ အဲ့ဒါတွေ အားလုံးကို ဖြေလျှော့ပေးဖို့ကတော့ ပထမဦးဆုံး ကျနော်တို့ လုပ်ငန်းရှင်တွေ အနေနဲ့ တောင်းဆိုရမှာပေါ့။ ကုန် ထုတ်လုပ်မှု လုပ်ငန်းစဥ်၊ ကုန်စည်တင်သွင်းမှု လုပ်ငန်းစဥ်၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းစဥ်တွေမှာ အများကြီးရှိ တယ်။ အဲ့ဒါတွေကိုတော့ အဓိက ဖြေလျှော့ရမှာပေါ့။ ပြီးတော့မှ တစ်ခုချင်းလိုက် နည်းဥပဒေ၊ ဥပဒေတွေ ကျနော် တို့ ပုံမှန် ဟိုအရင်အစိုးရ လက်ထက်တွေ လွှတ်တော်ပုံစံမျိုးနဲ့ သွားပေါ့လေ။ ကျနော်တို့ အနေနဲ့ကတော့ ဒီလိုပဲ မျှော်လင့်နေရမှာပဲ။ ဒါက လုပ်ပေးသင့်တဲ့ ကိစ္စရပ်တွေ တချို့ဟာတွေက လုံခြုံရေးအရ၊ တိုင်းပြည် အခြေအနေ အရ သူက နိုင်ငံခေါင်းဆောင်တွေကလည်း မလုပ်ချင်ပဲ လုပ်ရတဲ့ အခြေအနေတွေ ရှိတယ်။ ဒါပေမယ့် ဒီလို အခြေ အနေ ဖြစ်သွားပြီဆိုရင်တော့ ဒါတွေက ဖြေလျှော့ပေးရမှာပေါ့။ အဲ့ဒါကို ဆက်ကိုင် ထားမယ်ဆိုရင်တော့ လုပ်ရ ကိုင်ရ ခက်တာပေါ့။ ပြီးသွားတော့ နယ်စပ်ကုန်သွယ်ရေးတွေလည်း အများကြီးပဲ ထိခိုက်နေတာ။ အခုဆိုရင် လွှတ်တော် ပေါ်လာတော့ ကျနော်တို့ အသံတွေက နည်းနည်း ပြန်ပြောလို့ရတာပေါ့”ဟု ပြောသည်။ 

အစိုးရသစ် လက်ထက်တွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ချမှတ်ဖန်တီးပေးရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရှင်များ စျေးကွက်ပိုချဲ့ထွင်နိုင်ရေး ဖန်တီးပေးရန် လိုအပ်နေသည်။

အလားတူ ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် ပတ်သက်သည့် မူဝါဒများ ဖြေလျှော့ပေးရန်၊ စက်သုံးဆီ လုံလောက် အောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်သည်။

စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ် 

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်ပြီး ဒီမိုကရေစီ ရသွားပြီဖြစ်သည့်အတွက် စီးပွားရေးနှင့်ပတ်သက်၍ ပွင့်လင်းမြင် သာသည့် ဖြေလျှော့မှုများ လုပ်ပေးစေလိုကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြော သည်။ 

၎င်းက “စီးပွားရေးနဲ့ ပတ်သက်ပြီး မူဝါဒဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားတာလေးတွေ ရှိတယ်ပေါ့ နော်။ သွင်းကုန်ထုတ်ကုန်လေးတွေကို ပွင့်လင်းမြင်သာစွာလေးတွေ ဖွင့်ပေးဖို့ နိုင်ငံတော်အခွန်ကလည်း ထိုက်သင့် တဲ့ အခွန်ကောက်ပေါ့။ တချို့ကိစ္စတွေ ဖြေလျှော့ပေးသင့်တဲ့ ကိစ္စတွေဆိုရင်လည်း ဖြေလျှော့ပေးဖို့ပေါ့။ အဲ့ဒါလေး တွေကတော့ ပိုအရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲ စရာတွေကတော့ အများကြီးပဲပေါ့နော်။ အခုကတော့ နိုင်ငံ ရေး အခြေအနေရော သူတို့ အကန့်သတ်တွေ လုပ်ထားပေမယ့် အခုဒီမိုကရေစီ ရသွားပြီပေါ့နော်။ အစိုးရသစ် ရသွား ပြီပေါ့။ ပွင့်လင်းမြင်သာတဲ့ ဖြေလျှော့မှုလေးတွေရယ်၊ နောက်ပြီးတော့ ဒီစီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုး တွေ အဲ့ဒါမျိုးတွေ လုပ်ပေးစေချင်တာပေါ့။ မူဝါဒတွေကတော့ ပြောင်းလဲသင့်တာတော့ အများကြီးပေါ့နော်။ အခု ဟာက ပိတ်ပင်ထားတာတွေ၊ တချို့ကိစ္စတွေ ဖြေလျှော့ပေးရမဲ့ဟာတွေ အများကြီး ရှိတယ်လေ။ အခုဆိုရင် ဦးတို့ ရှမ်းမြောက်မှာဆိုရင် အကြောင်းအရာ ဘာမှန်းမသိပဲနဲ့ သီပေါတံတား ပိတ်ထားတယ်ပေါ့။ အဲ့ဒီလိုမျိုးလေးတွေ အသေးစိတ်ကအစ ဒါတွေကို တော်တော် ဂရုစိုက်ရမှာ ခရီးသွားလုပ်ငန်းမှာ။ ဆိုတော့ စီးပွားရေး တစ်ခု တိုးတက် ဖို့ဆိုတာက အခုလို အဟန့်အတားလေးတွေ ရှိနေတာတွေကလည်း စီးပွားရေးမှာ ဒါတော်တော်လေး အဟန့် အတား တစ်ခု ဖြစ်နေတယ်ပေါ့” ဟု ပြောသည်။

နိုင်ငံတော်အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ မြန်မာ့စီးပွား‌ရေး တိုးတက်ဖွံ့ဖြိုးအောင် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်သင့် သလဲဆိုသည်ကို နည်းလမ်းရှာဖွေရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။