CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄

တရုတ်သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေသည့် မြန်မာပြည်ကို စိတ်ကြိုက်ခြယ်လှယ်ရန် ကြိုးပမ်း နေကြောင်း တွေ့ရသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ယခင်အစိုးရ အဆက်ဆက်ကတည်းက တရုတ်အနေဖြင့် မြန်မာနှင့် စီမံကိန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့အတူ မြန်မာပြည်ကို ဖိအားပေးသည့် အနေဖြင့် တိုက်ပွဲများ ဖန်းတီနေသည်ဟု မြင်မိကြောင်း ၎င်းက ပြောသည်။

စိုင်းဋ္ဌေးအောင်က “ဘယ်လို သဘောထားရှိသလဲဆိုတာ အခု ပင်လယ်ထွက်ပေါက်ကို ဟိုခေတ်တုန်းကြီးကနဲ့ သူ (တရုတ်) ရချင်နေတာလေ၊ အတိုဆုံး ပင်လယ်ထွက်ပေါက်ပေါ့၊ နောက်ကျနော်တို့ မြန်မာပြည်က ယူနန်ပြည်နယ် ကုန်းတွင်းပိတ်ကနေပြီးတော့ အနောက်ကနေပြီးမှ တောက်လျှောက် ထွက်လို့ရတာပေါ့၊ အဲဒီအတွက်ကြောင့်မို့လို့ မြန်မာပြည်ကို သူတော်တော်ရချင်နေတာ သူကြိုးစားခဲ့တဲ့ အဆက်ဆက်ကို ပြန်ကြည့်ရင်ပေါ့လေ၊ ဒါကြောင့်မို့ လူထုထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်လာတော့လည်း သူက စာချုပ်တွေ အလီလီလုပ်တယ်၊ လုပ်ပြီးမှ ကျနော်တို့ မြန်မာပြည်နဲ့ အကျိုးတူ ပူးပေါင်းမယ်ဆိုတဲ့ ကဏ္ဍမျိုးတွေပေါ့နော်၊ စီစဉ်ခဲ့တာတွေ ရှိတာပေါ့၊ အချက် ၃ ချက် လက်မှတ်ထိုးတာတို့ ဘာတို့ပေါ့နော်၊ အခု ဒီနစက အစိုးရ တက်လာတဲ့အခါကြတော့ နစကဥက္ကဋ္ဌက ရုရှားကို သွားလိုက်တယ်၊ ရုရှားသွားတဲ့အခါ သူသိပ်မကြိုက်တဲ့ သဘောတွေ တွေ့နေရတာပေါ့၊ အခုတရုတ်က မြန်မာပြည်ရဲ့ သူက အကျိုးစီးပွားတွေ မြန်မာပြည်ကို ဝါးမြိုထားသလို ဖြစ်နေတာ၊ ဖြစ်တဲ့အခါကြတော့ ကျနော် တို့ မြန်မာပြည်ကို သူ့လက်အောက်မှာ သူကြိုက်သလို ခြယ်လှယ်နိုင်တဲ့သူ ဖြစ်ချင်တာပေါ့လေ၊အခု ဘင်္ဂလားဒေ့ရှ် ဟာစီနာ အခုပြုတ်ကျသွားပါပြီ။ အဲဒီပုံစံနဲ့ သူကစားချင်နေတာ၊ ဒါပေမဲ့ မြန်မာပြည်က သူ(တရုတ်) ကစားတဲ့ ကစားကွက်ထဲမှာ ကစားမခံဘဲနဲ့ ရုန်းနေတာ ရှိတဲ့အခါကြတော့ သူပီပြင်အောင်ဆိုပြီးမှ သူ့ရဲ့ လူတွေ ကျနော်တို့ မြန်မာပြည်ကို ဖိအားပေးတဲ့အနေနဲ့ စစ်ပွဲတွေ ဖန်တီးတယ်လို့ ကျနော်အနေနဲ့ မြင်တာပေါ့” ဟု CNI သတင်းဌာန သို့ ပြောသည်။

MNDAA ကို တွေ့ရစဉ် 

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့(TNLA-MNDAA-AA)တို့ ကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ကို တရုတ်က စစ်လက်နက်ခဲယမ်းများ၊ ဒရုန်း အပါအဝင် နည်းပညာများကို ကူညီနေကြောင်း နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များက သုံးသပ်လျက်ရှိနေသည်။

ထို့နောက် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခမှာ တရုတ်ကိုလည်း ထိခိုက်သည့်အတွက် မြန်မာပြည်တည်ငြိမ်အေးချမ်းမှုကို လိုလားကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နောက်ကွယ်တွင် ပါဝင်ပတ်သက်သည်ဟု ပြောဆိုမှုမှာ မမှန်ကန်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် တရုတ်ဘက်က ပြောကြားခဲ့သည်။

သို့သော် တရုတ်သည် မြန်မာနိုင်ငံရေး အကျပ်အတည်းတွင် ဦးသိန်းစိန်ကို နေရာပေးကာ ကစားပွဲတစ်ခုကို ဖန်တီး နိုင်ရေး ကြိုးပမ်းနေသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား ထောက်ပြလျက်ရှိနေသည်။

မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အဆုံးအဖြတ်ပေးရာတွင် လူထုမှာ အဓိကဖြစ်ကြောင်း၊ တရုတ်ကြားဝင်လည်း လက်ခံမှာမဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ကုန်သွယ်မှုကိုတွေ့ရစဉ်

၎င်းက “ကျမပြောချင်တာ ဒီလိုဗျ၊ တရုတ်ပဲဖြစ်ဖြစ်၊ ရုရှားပဲဖြစ်ဖြစ် ဘာလေးပဲ လာပြောပြော ကျမတို့ ဗမာပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာ ကျမတို့ ပြည်သူတွေပဲ၊ ကျမတို့ ဗမာပြည်သူတွေပဲ၊ ကျမတို့က ဒီစစ်အာဏာရှင် စနစ်ကို မလိုချင်ပါဘူးဆိုတာ ၁၉၆၂ ဇူလိုင် ၇ ထဲက ပြသခဲ့ပြီ။ တောက်လျှောက်လည်း နည်းတဲ့စစ်ပွဲတွေ မဟုတ် ဘူး။ ဆင်နွှဲလာတာ အကြိမ်ကြိမ် ရှုံးနိမ့်လိုက် ပြန်ပြီးတိုက်လိုက် အကြိမ်ကြိမ် ရှုံးနိမ့်လိုက် ပြန်ပြီးတိုက်လိုက် ဆက်လက်ပြီးတော့လည်း ကျမတို့က ပြည်သူတွေက ပြတ်သားနေပြီး ဒီစစ်တပ်ကိုတော့ အပြတ်ဖြတ်မှ ဖြစ်တော့ မယ်ဆိုတာ ပြတ်သားနေပြီ။ ဒီလမ်းပဲ ကျမတို့ ဆက်လျှောက်စရာ ရှိတော့တယ်၊ ဒီလမ်းကလည်း ခါတိုင်း တော်လှန်ရေးတွေနဲ့စာရင် ခါတိုင်း လှုပ်ရှားမှုတွေနဲ့စာရင် ဒီတစ်ခါမျှော်လင့်ချက် အပြည့်ဝဆုံး အကောင်းဆုံး အချိန်ပါ၊ အဲဒီတော့ ကျမတို့က လုပ်စရာရှိတာ ဆက်လုပ်မှာပဲ၊ တရုတ်က ဝင်ပြောပြော၊ ရုရှားက ဝင်ပြောပြော၊ ကျမတို့ နားထောင်ချင်မှ နားထောင်မယ်၊ ဒီစစ်အာဏာရှင်စနစ်ကြီး ကျမတို့ ပြည်သူတွေက ဆက်တိုက် သွားမှာ ပါပဲ” ဟု ပြောသည်။

တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့အပေါ်၌ ဩဇာလွှမ်းမိုးမှု ရှိနေသလို လက်ရှိ နစက အပေါ်တွင်လည်း လွှမ်းမိုးမှု ရှိနိုင်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းအကြား သုံးသပ်လျက်ရှိနေ သည်။

မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအနေဖြင့် မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စသဖြင့် ရင်းနှီးမြှုပ်နှံမှု အများအပြား ရှိနေသည်။