CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉

လူဦးရေ သန်းခေါင်စာရင်း ကောက်သည့်အခါတွင် အချက်အလက် အမှားများရရှိပါက တိုင်းပြည်အတွက် ထိခိုက်မှုရှိနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းပြည်၏ လူဦးရေ၊ အလုပ်အကိုင်၊ ပညာရေး ကိန်းကဏန်များအရ စီမံကိန်းများ ရေးဆွဲသည့်အခါတွင် သန်းခေါင်စာရင်းသည် များစွာအထောက်အကူပြုသဖြင့် အချက်အလက်လွဲမှားပါက ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ပြောသည်။

၎င်းက “အကယ်၍ သန်းခေါင်စာရင်း ကောက်ပြီးနောက်မှာ ထုတ်ပြန်ရမယ့် သုံးသပ်ချက်တွေ၊ ရလဒ်တွေကို ထုတ်ပြန်တဲ့အခါမှာ အချက်အလက်လွဲရင် တကယ့်တိုင်းပြည်ရဲ့ အသက်အရွယ်အုပ်စုတို့၊ လုပ်အားတို့၊ တိုင်းပြည် ရဲ့ အလုပ်လုပ်နိုင်တဲ့အရွယ် သတ်မှတ်ချက်တို့၊ နောက်တိုင်းပြည်မှာရှိတဲ့ လူမျိုး၊ ပြောဆိုတဲ့ ဘာသာစကား၊ လူဦးရေ ရာခိုင်နှုန်း တွက်တဲ့အချိန်မှာတော့ သွားထိခိုက်နိုင်တာပေါ့။ အချက်အလက် အမှန်ရရင် တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာမှာ ဒီအချက်အလက်တွေကို ကိုးကားပြီးတော့ စီမံကိန်းတွေ ရေးဆွဲ လို့ရတာပေါ့။ ဥပမာဆိုရင် ၁၈ နှစ်ကနေ ၄၅ အထိ အသက်အရွယ် အုပ်စုရှိတယ်ဆိုရင် ဒီအရွယ်တွေက တိုင်းပြည် ရဲ့ ကုန်ထုတ်လုပ်ငန်းကို လုပ်နိုင်တဲ့အရွယ်တွေ၊ လုပ်အားပေးနိုင်တဲ့ အရွယ်တွေ၊ ဒီအရွယ်တွေ ဘယ်လောက်များ လဲ။ အဲဒီအရွယ်တွေကြောင့် ကုန်ထုတ်လုပ်ငန်း ဘယ်လောက် တိုးတက်နိုင်လဲ။ စီးပွားရေးမှာ ဘယ်လောက် အားပြုနိုင်လဲဆိုတဲ့ တိုင်းပြည်အတွက် စီးပွားရေးစီမံချက်၊ ပညာရေးစီမံချက် အဲဒီစီမံချက်တွေ ရေးဆွဲတဲ့နေရာမှာ တော့ သန်းခေါင်စာရင်းကများစွာ အထောက်အကူပြုပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိသားစုအိမ်အကြောင်းအရာကို ကောက်ယူနေကြစဉ်

အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ လူဦးရေ သန်းခေါင်စာရင်းများကို စတင်ကောက်ယူနေသော်လည်း ပြည်သူလူထုအချို့မှာ စိုးရိမ်မှုဖြင့် အချက်အလက်အမှန် မပေးဘဲ ဖြေဆိုမှုများ ပြုလုပ်လျက်ရှိကြသည်။

လူဦးရေသန်းခေါင်စာရင်းသည် ယခုနှစ်မှ စတင်ကောက်ခံခြင်း မဟုတ်ဘဲ ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူရ ခြင်းဖြစ်ကာ ပြည်သူလူထုအကြား သံသယ စိုးရိမ်စိတ်များကြောင့် အချက်အလက်အမှန် မပေးခြင်း ဖြစ်နိုင်ပြီး  သန်းခေါင်စာရင်း ကောက်ယူသူများမှ သေချာ ရှင်းပြပေးရန်လိုကြောင်းလည်း ထောက်ပြကြသည်။

အိမ်ထောင်စု ၁၀၀ တွင် တစ်အိမ်ထောင်သာလျှင် အချက်အလက်အမှန် မပေးခြင်းက ပြဿနာမရှိသော်လည်း အိမ်ထောင်စု ၁၀၀ တွင် ၉၀ ခန့်က အချက်အလက်အမှန် မပေးပါက တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး အစရှိသည်များအား ကုစားနိုင်မည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်း ဌာနသို့ ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူနေစဉ်

၎င်းက “၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာ ကျားဘယ်နှစ်ဦး၊ မဘယ်နှစ်ဦး၊ ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်းထဲမှာ ဘယ်နှစ်ဦး။ ဒီထဲမှာမှ ကျန်းမာသန်စွမ်းတဲ့သူက ဘယ်နှစ်ဦး။ မကျန်းမာတဲ့သူက ဘယ်နှစ်ဦး၊ ဒီထဲမှာမှ အလုပ်လုပ် နိုင်တဲ့လူက ဘယ်နှစ်ဦး။ အလုပ်မလုပ်နိုင်တဲ့လူက ဘယ်နှစ်ဦး။ အလုပ်လုပ်နိုင်တဲ့ လူတွေရဲ့ ဝင်ငွေက ဘယ်လောက်ရှိတယ် ဒါတွေကိုသိမှ စီးပွားရေးကို ကုစားနိုင်မှာပါ။ ယောကျ်ားလေးတွေ များနေတယ်။ အလုပ်လုပ် နိုင်သူတွေ များနေပေမယ့်လည်း တိုင်းပြည်မှာ အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်း မရှိဘူးဆိုရင် အလုပ်အကိုင် အခွင့် အလမ်းတွေကို ဘယ်လို ဖန်တီးမလဲဆိုတာ အစိုးရက ဒါကို စဉ်းစားပြီး ဆောင်ရွက်ရမှာ၊ ပထမ ဦးစားပေးပြီး။ အဲဒီလိုမဟုတ်ဘဲ အလုပ် လုပ်နိုင်တဲ့ လူတွေက အလုပ်လုပ်နေပါလျက်နဲ့ မှီခို၊ မှီခို။ တကယ်မရှိတော့တဲ့သူကို ရှိပါတယ်ပြောတယ်ဆိုရင် အစိုးရက ချပေးမယ့် စီးပွားရေးပေါ်လစီတွေ၊ မူဝါဒတွေနဲ့ ပြည်သူတွေ လိုအပ်နေတဲ့ အရာနဲ့က တိုက်တိုက်ဆိုင် ဆိုင် ထိရောက်ဖို့အတွက် အားနည်းချက်တွေဖြစ်လာပါမယ်” ဟု  ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အချက်အလက်များအရ လူဦးရေ သန်း ၅၀ ကျော်ရှိပြီး အရွယ်ရောက်ပြီးသူ ကျား ၈၅ ရာခိုင်နှုန်းနှင့် မ ၅၀ ရာခိုင်နှုန်းတို့သည် လုပ်ငန်းခွင်ထဲတွင် ရှိကြပြီး ၄ ရာခိုင်နှုန်းသာ အလုပ်လက်မဲ့ဖြစ်ကြောင်း သိရသည်။