CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ရူအန်ကရိုင် လီကစ်ဝတ္တဏ (Ruangkrai Leekitwattana) က ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) ကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းနေ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပေတုန်တန်သည် အကျဉ်းချခံခဲ့ရဖူးသည့် ဆူရာပွန် ဆူဘွန်လီ (Surapong Suebwonglee) နှင့် နတ္တဝတ် ဆိုင်ကူအာ (Nattawut Saikua) တို့အား အကြံပေးပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ခဲ့သဖြင့် ထိုရာထူးခန့်အပ်မှုသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း ရှိ/မရှိ စစ်ဆေးပေးရန် ရူအန်ကရိုင်က ရွေးကောက်ပွဲကော်မရှင် (EC) ကို အသနားခံလျှောက်ထားလွှာ တင်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူရာပွန်နှင့် ဖြူးထိုင်းပါတီ၏ ညွှန်ကြားရေးမှူးဟောင်း နတ္တဝတ်တို့သည် ယခင်က တရားရုံးချုပ်၏ ပြစ်ဒဏ်ချမှတ်မှုကို ခံခဲ့ရသည်။

ထို့နောက် ပေတုန်တန်က စက်တင်ဘာ ၁၆ ရက်တွင် ဆူရာပွန်၊ အောက်တိုဘာ ၄ ရက်တွင် နတ္တဝတ်တို့ကို ၎င်း၏အကြံပေး ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဆူရာပွန် ဆူဘွန်လီကို တွေ့ရစဉ်

ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည်လည်း အကျဉ်းချခံခဲ့ရသူ တစ်ဦးကို အစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အောက်တိုဘာ ၁၄ ရက်တွင် ဆရီသာကို ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုဖြင့် ရာထူးမှ ဖယ်ရှားခဲ့သည်။

ဆရီသာသည် အဂတိလိုက်စားမှုဖြင့် ပြစ်မှုထင်ရှား စီရင်ခံခဲ့ရသည့် ပီချစ် ချူအန်ဘန် ( Pichit Chuenban) ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးပေးခဲ့သဖြင့် ခုံရုံးက ဆရီသာကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ယခု ပေတုန်တန်သည်လည်း ဆရီသာကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိုဒ်ခွဲ ၁၆၀ ကို ဖောက်ဖျက်မှုရှိနေကြောင်း ရူအိုင်ကရိုင်က ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရူအိုင်ကရိုင်၏ တိုင်ကြားစာကို စုံစမ်းစစ်ဆေးပြီး ထိုအမှုကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သင့်၊ မတင်သင့် စဉ်းစားသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ထိုအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ခဲ့မည်ဆိုပါက ခုံရုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပိုဒ်ခွဲ ၈၂ နှင့်အညီ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မည်ဖြစ်ပြီး ပေတုန်တန်သည် ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိသည်။

Source: ဘန်ကောက်ပို့စ်