CNI International News

ဗီယန်ကျင်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် လာအိုနိုင်ငံ၌ ပြုလုပ်နေသည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကနေ နည်းလမ်းများ ရှာဖွေနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လာအိုနိုင်ငံမှာ အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို ကျင်းပနေရာ ထိုအစည်းအဝေးသို့ နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးက မြန်မာကိုယ် စားလှယ်အဖြစ် တက်ရောက်နေသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှုများ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံက နိုင်ငံရေးအရ အဖြေရှာရန် နည်းလမ်းသစ်တစ်ခုကို အဆိုပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ပြည်တွင်းစစ် ဖြစ်ပွားနေသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

ထိုင်းနိုင်ငံကမူ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် သန်းနှင့်ချီသည့် လူများ အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင် ခဲ့ရသည့် အခြေအနေကို အဖြေရှာရန် ဒီဇင်ဘာလအတွင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအကြား အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။

"နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ"ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာ (Nikorndej Balankura) က သတင်းထောက်များကို ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ၏ အစီအစဉ်ကို လက်ရှိ အာဆီယံ၏ တည်ဆဲ ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှုများနှင့်အတူ တင်ပြ သွားမည်ဖြစ်သော်လည်း အာဆီယံအပြင်ဘက်မှ နိုင်ငံများ ချက်ချင်း ပါဝင်လုပ်ဆောင်နိုင်ခြေမရှိပေ။

ထိုင်း၏ အဆိုပြုချက်ကို အောက်တိုဘာ ၃ ရက်က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်

အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် လာအိုဝန်ကြီးချုပ် ဆိုနီဆေး စီဖန်ဒိုနေး (Sonexay Siphandone) က အာဆီယံအဖွဲ့သည် မြန်မာအရေးနှင့် တောင်တရုတ်ပင်လယ်အရေး အပါအဝင် စိန်ခေါ်မှု အများအပြားနှင့် ရင်ဆိုင်ခဲ့ရကြောင်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၆ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည့် အာဆီယံနှင့် ဆက်စပ် အစည်းအဝေးများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၊ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) ၊ တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) နှင့် ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် ( Sergei Lavrov) တို့ တက်ရောက်မည်ဖြစ်သည်။

Source: ရိုက်တာ