CNI International News

ဘန်ကောက် ၊ စက်တင်ဘာ ၂၀

မြန်မာနိုင်ငံအတွင်းမှ ဖြတ်သန်းဖောက် လုပ်ထားသည့် အဓိကအဝေးပြေးလမ်းမတစ်ခုကို ပြန်လည်ပြင်ဆင်ရန် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂျီယမ်ပွန်ဆာ (Maris Sangiampongsa) က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များအားလုံးနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ထိုင်းအစိုးရက ဆန္ဒရှိနေကြောင်း ၎င်းက ပြောသည်။

မြန်မာနှင့်ထိုင်း နယ်စပ်ဒေသများတွင် လုံခြုံမှုရှိစေရန်နှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့မှု မရှိစေရန် ထိုင်းက ကြိုးပမ်းနေချိန်၌ မာရစ်၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂျီယမ်ပွန်ဆာကို တွေ့ရစဉ်

မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အမှတ်(၁) အာရှအဝေးပြေးလမ်းမ (AH-1)၏ အချို့နေရာ အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင် တည်ဆောက်ရန် အာဆီယံနှင့်အိန္ဒိယ၏ ထောက်ခံ မှုကို ရရှိထားကြောင်း မစ္စတာမာရစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို စစ်ရေးနဲ့ မဖြေရှင်းနိုင်ပါဘူး။ ဒါပေမယ့် ထိရောက်တဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်း နိုင်ပါတယ်" ဟု မာရစ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တပ်မတော်က အာဏာကို ရယူခဲ့ချိန်ကစပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပြင် အတိုက်အခံ အင်အားစုများနှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများအနက် ထိုင်း-မြန်မာ အာရှကုန်သွယ်ရေးလမ်းတွင် ကရင်လက်နက်ကိုင် KNU နှင့် မြန်မာ့တပ် မတော်ကြား တိုက်ပွဲများကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေရပြီး ဒေါ်လာသန်းနှင့်ချီ ဆုံးရှုံးနစ် နာလျက်ရှိနေသည်။

Source: ဘန်ကောက်ပို့စ်