CNI International News

တိုင်ပေ၊ အောက်တိုဘာ ၁၀

ထိုင်ဝမ်တွင် ပြုလုပ်သည့် စစ်တမ်းတစ်ခု၌ ထိုင်ဝမ်ဒေသခံ အများစုသည် လာမည့် ၅ နှစ်အတွင်း တရုတ်က ထိုင်ဝမ်ကို ကျူးကျော်နိုင်ခြေမရှိကြောင်း ယူဆခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၉ ရက်က ထိုင်ဝမ်၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး သုတေသန အင်စတီကျူ (INDSR) က တရုတ်၏ ကျူးကျော်နိုင်ခြေနှင့်ပတ်သက်ပြီး လူထုသဘော ဆန္ဒစစ်တမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ထိုစစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁၂၀၀ ခန့်ရှိခဲ့ပြီး ၎င်းတို့အနက် ၆၁ ရာခိုင်နှုန်းက တရုတ်သည် လာမည့် ၅ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်နိုင်ခြေမရှိကြောင်း ဖြေကြားခဲ့ကြသည်။

"ထိုင်ဝမ်ဒေသခံ အများစုက ထိုင်ဝမ်ကို တရုတ်က နယ်နိမိတ်ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်လိမ့်မယ်လို့ ထင်မထားကြပါဘူး" ဟု INDSR ၏ သုတေသီတစ်ဦးဖြစ်သည့် ခရစ္စတီးနား ချန်း (Christina Chen) က ပြောကြား ခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုင်ဝမ် ဒေသခံများသည် တရုတ်၏ စစ်ရေးလေကျင့်မှုများနှင့် ဝါဒဖြန့်မှုများ အပါအဝင် တရုတ် ၏ ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်နေကြသည်ဟု ၎င်းက ဆိုသည်။

ထိုင်ဝမ်အလံကိုတွေ့ရစဉ်

ပြီးခဲ့သည့်နှစ်က အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က ထုတ်ပြန်သည့် သတိပေးချက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping)သည် ၂၀၂၇ ခုနှစ်၌ ထိုင်ဝမ်ကို ကျူးကျော်ရန် ၎င်း၏ စစ်တပ်ကို အမိန့်ပေးလိမ့်မည်ဟု ဖော်ပြခဲ့သည်။

သို့သော် INDSR က ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ထွက်ပေါ်ခဲ့သည့် ရလဒ်များအရ CIA ၏ သတိပေးချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို တွေ့ရသည်။

"ဒါက ဘာကိုဆိုလိုလဲဆိုတော့ ထိုင်ဝမ်ဒေသခံတွေဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို သတိထားမိပေမယ့် ချက်ချင်း စစ်ဖြစ်လိမ့်မယ်လို့ ထင်မထားကြဘဲ အေးအေးဆေးဆေး နေထိုင်နေကြပါတယ်" ဟု INDSR က ပြောကြားခဲ့သည်။

ထိုစစ်တမ်းအရ အကယ်၍ တရုတ်က တိုက်ခိုက်လာခဲ့မည်ဆိုပါက စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက ပြန်လည် တိုက်ခိုက်သွားမည်ဟု ဖြေကြားခဲ့သော်လည်း ထိုင်ဝမ်စစ်တပ်၏ ကာကွယ်ရေး စွမ်းဆောင်ရည် နှင့်ပတ်သက်ပြီး သဘောထား အမျိုးမျိုး ထွက်ပေါ်ခဲ့ကြသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ထက်ဝက်ခန့်က ထိုင်ဝမ်စစ်တပ်၏ ကာကွယ်ရေး စွမ်းဆောင်ရည်အပေါ် ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြပြီး ကျန်ထက်ဝက်ခန့်ကမူ ယုံကြည်ခြင်းမရှိကြောင်း ဖြေဆိုခဲ့ကြသည်။

Source: ရိုက်တာ