CNI International News

တိုင်ပေ၊ ဖေဖော်ဝါရီ ၂၃

သေသေချာချာ ပြင်ဆင်မှု ပြုလုပ်ထားမည်ဆိုလျှင် ထိုင်ဝမ်တပ်ဖွဲ့များသည် တရုတ်၏ ကနဦး တိုက်ခိုက်မှုများကို တွန်းလှန်နိုင်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကူချန်းက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထား သည်။

တရုတ်သည် စစ်ပွဲတစ်ပွဲစတင်ရန် အင်အားကောင်းသော်လည်း ထိုင်ဝမ်ကို တစ်ပတ်၊ နှစ်ပတ်အတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် အင်အားကောင်းခြင်းမရှိဟု ချူကူချန်း (Chiu Kuo-cheng)က ပြောသည်။

ယခုသီတင်းပတ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဓနသဟာရ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

လိုအပ်သော ထောက်ပံ့မှုများ ရရှိနေမည်ဆိုလျှင် ထိုင်ဝမ်စစ်တပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ပိတ်ဆို့မှုများကို ဖောက်ထွက်နိုင်ကြောင်း၊ အင်တာနက်နှင့် တခြားသော ဆက်သွယ်ရေး နည်းလမ်းများအပြင် ပိတ်ဆို့မှုကို ဖောက်ထွက်ရန် နည်းလမ်းများစွာရှိကြောင်း ချူကပြောသည်။

 ထိုင်ဝမ်ကို ရောက်လာတဲ့ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကိုတွေ့ရစဉ်

အမေရိကန်နှင့် တခြားသော မဟာမိတ်များ၏ အကူအညီများ ရောက်ရှိလာရေး အချိန်ဆွဲထားရန်အတွက် တရုတ်၏ တိုက်ခိုက်မှုကို နှစ်ပတ်ကြာတောင့်ခံနိုင်မှုက ထိုင်ဝမ်စစ်တပ်၏ ရည်မှန်းချက် ဖြစ်သည်ဟုလည်း ချူက ပြော သည်။

ထိုင်ဝမ်ကို အမေရိကန် လွှတ်တော်ဥက္ကဋ္ဌဟောင်း ရောက်ရှိလာပြီးနောက် တရုတ်ဘက်က အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုတွင် ထိုင်ဝမ်ကျွန်း အရှေ့၊ အနောက်နှင့် အရေးပါသော မြို့များကို ပိတ်ဆို့ရေး စနစ်တကျ ပြင်ဆင်မှုများလည်း ပါဝင်သည်။ ထို လေ့ကျင့်မှုသည် ထိုင်ဝမ်သို့ ပြင်ပအကူအညီများ မရောက်ရှိလာစေရေး ကျွန်းကို ပတ်လည် ဝိုင်းထားရန် ကြိုတင်လေ့ကျင့်မှုဟု ရှုမြင်ကြသည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုင်ဝမ်အား ၎င်းတို့ထိန်းချုပ်မှု အောက်သို့ ရောက်ရှိစေရမည်ဟု တရုတ်က ပြောထားသည့် အခြေအနေတွင် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုက တရုတ်အနေဖြင့် ထိုင်ဝမ်အား ကျူးကျော် သိမ်းပိုက်နိုင်သည်ဆိုသည့် စိုးရိမ်မှုများကို ဖြစ်စေသည်။

 တရုတ်နဲ့ ထိုင်ဝမ်ကြား ဆက်စပ်မြေပုံကိုတွေ့ရစဉ်

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း(Qin Gang) က ထိုသို့သော စပ်ဆက်မှုများကို ရပ်ရန် တိုက်တွန်း ထားသည်။

မည်သို့ပင်ဆိုစေကာမူ ယူကရိန်းအရေးမှ သင်ခန်းစာများ ရရှိခဲ့သည်ဟု ချူက ပြောသည်။

ယူကရိန်းပဋိပက္ခက ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ထားရန် အရေးကြီးကြောင်းကို သင်ကြားပေးခဲ့ကြောင်း၊ ယူကရိန်းတွင် အရှေ့၊ အနောက် စစ်မျက်နှာပြင် ကွဲပြားခဲ့သော်လည်း ထိုင်ဝမ်တွင်မူ စစ်ဖြစ်သည်နှင့် မည်သို့မှ ကွဲပြားခြင်း မရှိဘဲ စစ်မျက်နှာပြင် တစ်ခုတည်းသာ ရှိမည်ဖြစ်ကြောင်း ချူက ပြောသည်။

Source: ဘန်ကောက်ပို့စ်