CNI International News

မော်စကို၊ဖေဖော်ဝါရီ ၂၃

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးများမှာ ရုရှားနှင့်တရုတ်တို့က ၎င်းတို့ကြား ဆက်ဆံရေးခိုင်မာမှုကို ထုတ်ဖော်ပြသခဲ့ပြီး တရုတ်က ယူကရိန်းစစ်ပွဲအတွက် ရုရှားအားထောက်ပံ့မှုများ လုပ်ဆောင်မည့် အလားအလာ တစ်ခုအဖြစ် အခြားနိုင်ငံများက ၎င်းတို့အား စောင့်ကြည့်နေသည်ဟု AP သတင်းတွင် ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ဝမ်ယိ (Wang Yi) သည် မော်စကိုသို့ ရောက်ရှိနေသည်။ ရုရှားနှင့်အနောက်အုပ်စုကြားဆက်ဆံရေး အဆိုးရွားဆုံးဖြစ်နေချိန်၊ တရုတ် နှင့်အမေရိကန်တို့ ဆက်ဆံရေး ယိုယွင်းနေချိန်၊ ရုရှားဘက်က အမေရိကန်နှင့်နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်မှ နုတ်ထွက်သွားချိန်တွင် ဝမ်၏ခရီးစဉ်က တရုတ်အနေဖြင့် ရုရှားအား လက်နက် ထောက်ပံ့သွားနိုင်ဖွယ်ရှိနေသည်ဆိုသည့် စိုးရိမ်မှုများကို ဖြစ်စေသည်။

ဝမ်နှင့် အစည်းအဝေးအစတွင် ပူတင်က နှစ်နိုင်ငံကြားဆက်ဆံရေးအခြေအနေကို ချီးကျူးခဲ့ပြီး တရုတ်သမ္မတ ကိုလည်း ရုရှားသို့ လာစေချင်သည်ဟု ပြောသည်။ ကမ္ဘာ့စင်မြင့်တွင် တရုတ်နှင့်ရုရှားတို့ ပူးပေါင်းခြင်းက အပြည်ပြည်ဆိုင်ရာအခြေအနေများကို တည်ငြိမ်မှုရှိစေရေးအတွက် အရေးပါသည်ဟု ပူတင်က ပြောသည်။

ရုရှား-တရုတ် ဆက်ဆံရေးတွင် မည်သည့်တတိယနိုင်ငံမှ ဝင်ရောက်စွက်ဖက်၍ မရကြောင်းနှင့် စစ်၏ ခြောက်လှန့်မှုများ၊ စစ်ပွဲကြောင့်ဖြစ်သည့် အနောက်အုပ်စု၏ ထိတ်လန့်မှုများကိုလည်း ဝမ်ယိက ပြောသည်။ ရုရှားနှင့်တရုတ်တို့သည် နိုင်ငံတကာဆက်ဆံရေးများတွင် အာဏာဝေမျှမှုနှင့် ဒီမိုကရေစီကျင့်သုံးမှုတို့ကို ထောက်ခံကြောင်း ဝမ်က ပြောသည်။ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် အမေရိကန်၏ ကြီးစိုးထားမှုကို တန်ပြန်ရေးအတွက် နှစ်နိုင်ငံကြား တူညီသော ရည်ရွယ်ချက်ရှိမှုကို ရည်ညွှန်းခြင်းဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီး အကဲ ဝမ်ယိ(ဓါတ်ပုံ-အေပီ)

တရုတ်သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားကိုအပြစ်တင်ရန် ငြင်းဆိုထားကာ အမေရိကန်နှင့် နေတိုးတို့မှ ရန်စခြင်းကြောင့်ဟုသာ ရုရှား၏လေသံအတိုင်း ကာကွယ်ပေးထားသည်။ယူကရိန်းအရေးအတွက် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းကိုလည်း တရုတ်အစိုးရကဘက်က ဝေဖန်ထားသည်။တဖက်တွင်လည်း ထိုင်ဝမ်အရေး အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံနေသော တရုတ်အစိုးရကို ရုရှားဘက်က ထောက်ခံပေးသည်။

နှစ်နိုင်ငံကြားကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကောင်းမွန်မှုကိုလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင် ပြသထားပြီး ၎င်းတို့သည် တောင်အာဖရိကနှင့်အတူ ယခုသီတင်းပတ်အတွင်း အိန္ဒိယသမုဒ္ဒရာအတွင်း၌ ရေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စီစဉ်ထားသည်။

ထိုသို့သောအခြေအနေများက အနောက်အုပ်စုကို စိုးရိမ်မှုများဖြစ်စေပြီး ရုရှား၏ စစ်ရေးလှုပ်ရှားမှုများတွင် တရုတ် နိုင်ငံပါဝင်နေခြင်းက ပြင်းထန်သော ပြဿနာတစ်ခုဖြစ်စေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Source:AP