CNI International News

ဒါဘိုယာ၊ မတ်လ ၁၆

အနောက်အာဖရိကတွင် ရုရှား အားကောင်းလာနေပြီးနောက် အမေရိကန်ကလည်း အနောက်အာဖရိက၏ အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် လွှမ်းမိုးမှုရရှိရန် ကြိုးပမ်းလာနေကြောင်း ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားသည်။

အနောက်အင်အားကြီး နိုင်ငံများကို မှီခိုနေသည့်အစား အစ္စလာမ္မစ်သူပုန်ထမှု ပျံ့နှံ့နေခြင်းအား ထိန်းချုပ်ရေးတွင် ကမ်းရိုးတန်းနိုင်ငံ အချင်းချင်း အပြန်လှန် မှီခိုသွားကြရန် အနောက်အာဖရိကတွင် နှစ်စဉ်ပြုလုပ်နေကြ အကြမ်းဖက်မှုတန်ပြန်ရေး လေ့ကျင့်ခန်း အစီအစဉ်များကို ဦးဆောင်နေသည့် အမေရိကန် တပ်မှူးများက တိုက်တွန်း ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်တွင် မာလီအစိုးရက ရုရှားမှ ကြေးစားစစ်သားများကို ငှားရမ်းခဲ့ပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နှင့် မဟာမိတ်များက အနောက်အာဖရိကတွင် ရုရှား၏လွှမ်မိုးမှုကို မလိုလားပေ။

ယခုလ ဂါနာမြောက်ပိုင်း လေ့ကျင့်မှုများအတွင်း အမေရိကန် လေ့ကျင့်ရေး သင်တန်းမှူးများက ထိန်းချုပ်မှု အားနည်းသော နယ်စပ်ဒေသများ တာဝန်ယူနေသည့် တခြားနိုင်ငံမှ တပ်ဖွဲ့များနှင့် ဖုန်းနံပါတ်များဖလှယ်ရယူထားရန်၊ လျင်မြန်စွာတုန့်ပြန်နိုင်ရေး ဆိုင်ကယ်များကို အသုံးပြုရန် တိုက်တွန်းခဲ့သည်။

အာဖရိက တပ်သားများ သေနတ်ပစ် လေ့ကျင့်နေစဉ်

အစ္စလာမ္မစ် အဖွဲ့အစည်းများ၏ ပုန်ကန်မှုအပြင် ကိုလိုနီဟောင်း ပြင်သစ်နှင့် အဆင်မပြေမှုများကြောင့် မာလီ၏ စစ်အစိုးရသည် စစ်သွေးကြွများကို နှိမ်နင်းရေးအတွက် ပြီးခဲ့သည့်နှစ်တွင် ရုရှား၏ ဝဂ်နာကြေးစား စစ်သားများကို ငှားရမ်းခဲ့သည်။

ထိုငှားရမ်းမှုက အမေရိကန်နှင့် ကုလသမဂ္ဂတို့ကို စိုးရိမ်စေခဲ့ပြီး ကြေးစားတပ်ဖွဲ့များသည် အကြမ်းဖက်များကို ပိုဖြစ်စေခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့က ထောက်ပြခဲ့သည်။

သို့သော် ရုရှားတပ်ဖွဲ့များသည် ကြေးစားများ မဟုတ်ကြောင်း၊ ၎င်းတို့သည် ဒေသခံတပ်ဖွဲ့များအား ကူညီပေးသည့် သင်တန်းမှူးများသာ ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။

အစိုးရများတွင် ပြဿနာများစွာ ရှိနေခြင်းကြောင့် ပို၍ အန္တရာယ်များသော တခြားသူများထံ ရောက်ရှိသွားကာ ထိုသူများက ယင်းနိုင်ငံများ၏ အရင်းအမြစ်များကို တစ်ဖက်သတ် ရယူသွားကြသည်ဟု အမေရိကန်၏ အာဖရိက အထူးစစ်ဆင်ရေးဌာနချုပ် (SOCAF)မှ ဗိုလ်မှူးကြီး ရောဘတ်ဇီလာ (Robert Zyla)က ပြောသည်။

ယခုလ လေ့ကျင့်ရေး မဟာဗျူဟာတွင် နယ်ဒေသများ၌ နေထိုင်သူများအား စည်းရုံးခြင်း၊ နယ်နိမိတ်ချင်း ရှည် လျားစွာ ထိစပ်နေသော နယ်စပ်ဒေသမှ စစ်တပ်များ အတူတကွ ပူးပေါင်းဆောင်ရွက်သည်ကို သေချာစေရေး တို့က အရေးပါသည်။

အမေရိကန်၏ အာဖရိက အထူးစစ်ဆင်ရေးဌာနချုပ် (SOCAF)မှ ဗိုလ်မှူးကြီး ရောဘတ်ဇီလာကိုတွေ့ရစဉ်

မည်သည့်နိုင်ငံမှ အစ္စလာမ္မစ် အကြမ်းဖက်မှု ပြဿနာကို တစ်ကိုယ်တည်း မဖြေရှင်းနိုင်ကြောင်း၊ နောက်ပိုင်းတွင် ဒေသတွင်းရှိ နိုင်ငံများအား မည်ကဲ့သို့ နယ်စပ် ဖြတ်ကျော် ပြောဆိုဆောင်ရွက်ရမည်ကို လေ့ကျင့်သင်ကြားပေး သွားမည်ဟုလည်း ဇီလာက ပြောသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အာဖရိကဒေသများတွင် အစွန်းရောက် သူပုန်ထမှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး၊ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ယင်းကို တားဆီးရေး ထိုးစစ်ဆင်မှုများသည်လည်း အောင်မြင်ခဲ့ခြင်း မရှိခဲ့သလို ယခုနှစ် အတွင်း ပြင်သစ်တပ်ဖွဲ့ ဝင်များကို မာလီနှင့်ဘာကီနာဖာဆိုတို့မှ အာဏာရှင် အစိုးရများက နှင်ထုတ်လိုက်မှုကြောင့် အခြေအနေများမှာ ပို၍ ဆိုးရွားလာဖွယ် ရှိနေသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

Source: ရိုက်တာ