CNI International News

ဘန်ကောက်၊ ဩဂုတ် ၁၆

ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ နေရာကို အစားထိုး ရန်အတွက် သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်ကြောင်း ဖြူးထိုင်းပါတီ က ကြေညာခဲ့သည်။

ပေတုန်တန်နှင့် ချိုင်ကာဆမ်တို့ နှစ်ဦးထဲမှ တစ်ဦးကို  ထိုင်းဝန်ကြီးချုပ်အသစ် ခန့်အပ်ရေးအတွက် ဖြူးထိုင်းပါတီ အတွင်း ဩဂုတ် ၁၅ ရက်က အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

အာဏာရ ဖြူးထိုင်းပါတီမှ လွှတ်တော်အမတ်အချို့သည် ပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ဝန်ကြီးချုပ်သစ်အဖြစ် အမည်တင်သွင်းခဲ့သည်။

ပေတုန်တန်၊ ဆရီသာ၊ ချိုင်ကာဆမ်ကို တွေ့ရစဉ်

လွှတ်တော်သည်လည်း ဆရီသာ၏ နေရာကို အစားထိုးမည့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရန် ဩဂုတ် ၁၆ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

ပေတုန်တန်ကို ဝန်ကြီးချုပ်ရာထူးနေရာ လျာထားမှုသည် ဩဂုတ် ၁၅ ရက် ညပိုင်းက သက်ဆင် (Thaksin Shinawatra)၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြသည့် ပါတီတာဝန်ရှိသူများ၏ သဘောတူညီချက်နှင့် ကွဲလွဲနေလိမ့်မည် ဖြစ်သည်။

ပါတီတာဝန်ရှိသူများက ချိုင်ကာဆမ် နိတိသီရိ (Chaikasem Nitisiri) ကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း အဖြစ် အဆိုပြုရန် ဆန္ဒရှိနေကြသည်။

Source: Thai PBS World