CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆

မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ် သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက သြဂုတ် ၁၄ ရက်နေ့မှာ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်မှာ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဝမ်ယိက “မြန်မာ့တပ်မတော်ကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးကို ကာကွယ်ထိန်းသိမ်းခဲ့တဲ့ အရေးအကြီးဆုံး အင်အားစုဖြစ်ပါ တယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ တပ်မတော်ကြားမှာ အပြန်အလှန်ယုံကြည်မှုနဲ့ ထောက်ခံအားပေးမှုနဲ့ ချစ်ခင်ရင်းနှီးမှုကိုလည်း ထားရှိခဲ့ပါတယ်။ အဆွေတော်ဥက္ကဋ္ဌကြီး ဦးဆောင်မှုအောက်မှာ မြန်မာ့တပ်မတော် ကလည်း တရုတ်-မြန်မာ မိတ်ဆွေချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါရှိပါတယ်။ ကျနော်တို့ ကလည်း အဲဒီအတွက် ချီးမြှင့်ချီးကျူးချင်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူ ၁ သန်းကျော်ရှိလာသည်။

MNDAA ကိုးကန့်တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က TNLA၊ MNDAA၊ AA၊ BPLA၊ KNDF၊ BRNA၊ PLA၊ MDY-PDF၊ LPDF များ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးဆိုကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များကို တိုက်ခိုက် သိမ်းမှုများ ပြုလုပ်ခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဆက်လက် ဖော်ဆောင်၍ မန္တလေးတိုင်းဒေသကြီးအတွင်းထိပါ မြို့နယ်များ သိမ်းပိုက်ရေး လက်နက်ကိုင်များက ကြိုးပမ်းလာခဲ့သည့်အ တွက် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။ 

အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်ဆင်ရေး နောက်ကွယ်တွင် တရုတ်က ထောက်ပံ့ကူညီမှုများ ရှိနေကြောင်း၊ တရုတ်က ၁၀၂၇ စစ်ဆင်ရေးကို ကြိုတင် သိရှိထားသော်လည်း မြန်မာ့တပ်မတော်ကို အသိ မပေးခြင်းက မရိုးသားကြောင်း ပြည်တွင်းရှိ တပ်မတော် ထောက်ခံသူများက ထောက်ပြလျက်ရှိနေသည်။

TNLA တအာင်းတပ်ဖွဲ့ကို တွေ့ရစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့ နှစ်နိုင်ငံဟာ အိမ်နီးနားချင်း နိုင်ငံတွေ၊ မိတ်ဆွေ ကောင်း နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ကျနော်တို့က အရင်တုန်းကတော့ မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပြီးတော့မှ သမ္မတရှီကျင့်ဖျင်ရဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်မှာ အေးအတူပူအမျှ အသိုက်အဝန်း အကျိုးတူခံစားတဲ့ အသိုက်အဝန်း တည်ဆောက်ဖို့ နိုင်ငံတွေအဖြစ် သတ်မှတ်ခဲ့တာ ရှိပါတယ်။ အဲတော့ ကျနော်တို့ နှစ်ယောက် တွေ့ဆုံ ဆွေးနွေး ခြင်းအားဖြင့် ဒီကိစ္စရပ်ကို ခိုင်မာမှု ရရှိစေလိမ့်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်”ဟု ပြောသည်။

ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာများကို တိုက်ခိုက်ခဲ့ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကို ဆန့်ကျင်ကြောင်း၊ နစက ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကိုလည်း လိုအပ်သည် များ ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံကို အပြစ်တင် ဝေဖန် အိုးမဲသုတ်နေမှုများကိုလည်း ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်မှုကိုလည်း လက်ခံမည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။