CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃
အများသူငှာ လုပ်ဆောင်နိုင်ရန်ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က တောင်ညိုတပ်နယ်ရှိ နယ်မြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(တောင်ညို)သို့ သွားရောက် စစ်ဆေးစဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံ၏ လက်ရှိ လူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ၎င်းအနက် လူဦးရေ အနည်းငယ်သာ တပ်မတော်သား ဘဝကို ခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြခြင်းဖြစ် သဖြင့် အများသူငှာ လုပ်ဆောင်နိုင်ရန် ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်လိုသည်”ဟု ပြောသည်။
နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့ တပ်မတော်သားများ၏ ဘဝကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားရန်လိုကြောင်း ၎င်းက ပြောသည်။
အရာရှိ စစ်သည်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိသကဲ့သို့ မိသားစုများအနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာတပ်များအလိုက် လိုက်လံနေထိုင်၍ ပါရမီဖြည့်လျက်ရှိကြကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန် ထမ်း ဆောင်နေကြသူများ အားလုံး၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိ အနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။