CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော်ခန့် ကျဆင်းနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅၈၇ ဒသမ ၂၄ သန်း ကျော် ဝင်ရောက်ခဲ့သော်လည်း ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ပမာဏသည် ဒေါ်လာ ၂၃၅ ဒသမ ၇ သန်းခန့်သာ ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားခြင်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး အများအပြား ပိတ်ထား ခြင်း၊ ပို့ကုန်သွင်းကုန်အတွက် ပင်လယ်ရေကြောင်း တစ်ခုတည်းကိုသာ အသုံးပြုနေရခြင်း စသည့် အခက်အခဲများ ကြောင့် ဖြစ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘာကြောင့် ကျလဲဆိုတော့ နယ်မြေတည်ငြိမ်မှု မရှိတဲ့ အခြေအနေမျိုးတွေမှာ ကျနော်တို့က ရင်းနှီးမြှုပ်နှံ မှုတွေဆိုတာ ရန်ကုန်တစ်မြို့တည်း၊ မန္တလေးတစ်မြို့တည်း၊ နေပြည်တော် တစ်မြို့တည်းမှာ လုပ်လို့မရဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သူ့ရဲ့ သဘောသဘာဝက သူ့ရဲ့ နယ်မြေဒေသအလိုက်မှာ Foreign investment တွေက ဆောင်ရွက်ကြတယ်။ ပြီးသွားလို့ရှိရင် ကျနော်တို့ ကုန်သွယ်မှု ပြုလုပ်တယ်ဆိုလို့ရှိရင် ကုန်သွယ်ရေးလမ်းကြောင်း တလျောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ logistics လုပ်ငန်းတွေ ရှိတယ်။ ဆိုတော့ ဒီလိုအပိုင်း တွေက ရပ်ဆိုင်းလုပ်နီးပါး ဖြစ်နေတဲ့ logistics ကိစ္စတွေမှာ Border Trade ကသွားတဲ့ logistics တွေက ရပ်ဆိုင်း နေတဲ့ အခြေအနေမျိုးတွေမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ကျဆင်းသွားမှာ ထုံးစံပေါ့နော်။ ဒီအတွက် ကြောင့်လည်း ကျဆင်းတာ ဖြစ်ပါတယ်။ နောက်တစ်ခုကကျတော့ ပြည်တွင်းပြည်ပ ပို့ကုန်သွင်းကုန်ဆိုတဲ့ကဏ္ဍ မှာ ကျနော်တို့က လက်ရှိမှာ ပင်လယ်ရေကြောင်း တစ်ခုကိုပဲ အားကိုးပြီးတော့ ကျနော်တို့ ဆောင်ရွက်နေရတာ ဖြစ်တဲ့ အခါကျတော့ ဒီပင်လယ်ရေကြောင်း ဆိုတာကလည်း ကျနော်တို့ အချိန်ကာလအားဖြင့် Border Trade လို မြန်မြန်ဆန်ဆန် ကုန်သွယ်လို့ရတာမျိုး မဟုတ်တဲ့ အခါကျတော့ ဒီအပိုင်းတွေမှာလည်း အခက်အခဲတွေ ရှိတဲ့ အတွက် Foreign investment က ကျဆင်းနေတယ်လို့ သုံးသပ်ရတာပါခင်ဗျ” ဟု ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရုံးကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိသည့် စင်္ကာပူနှင့် တရုတ်နိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၅၅၃ သန်းကျော် ရှိခဲ့သော်လည်း ယခုနှစ်မှာတော့ ဒေါ်လာ သန်း ၁၄၀ ခန့်သာ ရှိသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခုဘဏ္ဍာနှစ် ၈ လတာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၃၆ သန်းကျော်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ခုသာ ဝင်ရောက်ထားသည်ဟု DICA က ထုတ်ပြန်ထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်စုံလုံး ကျဆင်းသည်ဆိုသော်လည်း အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ကားနှင့် စက်သုံးဆီ ကဏ္ဍ စသည့် ကဏ္ဍတစ်ခုချင်းစီ အလိုက်တွင် ပြီးခဲ့သည့်နှစ်ထက် တက်လာသည်ကို တွေ့ရကြောင်း ဦးအောင်ပြည့်စုံက ဆက်ပြောသည်။

ရန်ကုန်မြို့လယ်ခေါင် တစ်နေရာကို တွေ့ရစဉ်

၎င်းက “အထည်ချုပ်လုပ်ငန်းတွေမှာ တိုးတက်လာတယ်။ investment တွေ ရှိလာတယ်။ အသစ်ဝင်လာတဲ့ စက်ရုံ တွေလည်း ရှိတယ်ပေါ့။ ပြီးခဲ့တဲ့နှစ်ကဆိုရင်တောင် တချို့ CMP တွေက စက်ရုံပိတ်သွားတာမျိုးတွေ၊ ထွက်သွား တာမျိုးတွေ အနုတ်ပြတာမျိုးတွေ၊ ဒီနှစ်မှာတော့ CMP လုပ်ငန်းတချို့က ပြန်ပြီးတော့ ဦးမော့လာတာမျိုး တွေ့ရ တယ်။ တချို့ကျတော့ ဒီနှစ်ထဲမှာဆိုရင် လျှပ်စစ်ကားပေါ့နော် လျှပ်စစ်ကားနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတချို့ဆိုရင် investment လုပ်ခွင့် ပြုလိုက်တာမျိုးတွေ အများကြီးပဲ MIC က ထွက်လာတာ ကျနော်တို့ ဖက်လိုက်ရတယ်။ ဒီအပိုင်းတွေကတော့ မနှစ်က မရှိဘူး။ ဒီနှစ်မှာ ရှိလာတယ်။ ဒီလိုအပိုင်းတွေကျတော့ တက်လာတာမျိုး ကျနော်တို့ မြင်ရတယ်။ နောက်တစ်ခုက စက်သုံးဆီနဲ့ ပတ်သက်လို့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ ပြည်ပတင်သွင်းခွင့်နဲ့ ကိစ္စတွေ မှာလည်း တချို့အပိုင်းတွေမှာတော့ ကျနော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အချို့ကိုလည်း လက်ခံဆောင်ရွက်ထား တယ်ဆိုတဲ့ ဟာမျိုးတွေ ကျနော်တို့ တွေ့လိုက်ရတယ်ပေါ့နော်။ သို့သော် official ဖြစ်မဖြစ် မသိပေမယ့် အဲဒီလို အပိုင်းလေးတွေ ရှိလာတဲ့အခါကျတော့ အပိုင်းလိုက် အပိုင်းလိုက် sector တစ်ခုချင်းစီအလိုက် ကြည့်မယ်ဆိုရင် တော့ တက်လာတဲ့အပိုင်းတွေ ရှိသလို အလုံးစုံကို ခြုံကြည့်မယ်ဆိုရင် သူတို့ရဲ့ ထုတ်ပြန်ချက်အရ ကျဆင်းသွား တယ်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးနေသည့် အကြောင်းကို လုပ်ငန်းရှင်များကိုလည်း အသိပေးထားပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ရန်လည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။