CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀

မြန်မာ့ရွှေကို ကမ္ဘာ့ရွှေဈေးကွက်တွင် စံချိန်စံညွှန်း ပြည့်မီစွာ ရောင်းချနိုင်ပါက မြန်မာကျပ်ငွေတန်ဖိုး မြင့်တက် လာမည်ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ခေတ်အဆက်ဆက် မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်တွင် ရောင်းချနိုင်ရန် ကြိုးစားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယနေ့အချိန်ထိ မအောင်မြင်သေးသည်ကို တွေ့ရှိရကြောင်း သိရသည်။

လက်ရှိတွင်လည်း ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်းက ထပ်မံ၍ ရောင်းချနိုင်ရန်အတွက် ရွှေဓာတ်ခွဲခန်း ဖွင့်လှစ်ခြင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်များရရှိရန် ဆောင်ရွက်နေကြောင်း ရွှေလုပ်ငန်း ရှင်များက ပြောသည်။

ပြည်တွင်းက ထွက်ရှိသည့် တွင်းထွက် တစ်မျိုးဖြစ်သော ရွှေကို နိုင်ငံတကာဈေးကွက်သို့ ရောင်းချမှု လုပ်ဆောင် နိုင်မည်ဆိုပါက မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာမည်ဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ရွှေတုံးကို တွေ့ရစဉ်

၎င်းက “မြန်မာနိုင်ငံမှာ ထွက်တဲ့ရွှေတွေက ပြည်ပနိုင်ငံတွေမှာ ရောင်းချလို့ရအောင်လို့ ဆောင်ရွက်ခဲ့တာဆိုရင် ဒါကြီးက ကြာပါပြီ။ သို့သော်လည်း အခု တဖန်ပြန်ပြီး ကြိုးစားတယ်ဆိုတော့ ကြိုးစားမှုကိုတော့ အသိအမှတ် ပြုပါ တယ်။ ရောင်းချခွင့် ရခဲ့မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ ဝတ်သွားတဲ့ရွှေက နိုင်ငံခြားရောက်လို့ ပြန်ရောင်းလို့ရတယ်ဆိုရင် ကျနော်တို့အတွက် ငွေဖော်ရ လွယ်တာပေါ့။  အဓိကကတော့ ကိုယ့်ပြည်တွင်းမှာရှိတဲ့ တွင်းထွက်တစ်ခုပေါ့နော် ရွှေက ပြည်ပနိုင်ငံကို ပြန်ပြီးတော့ ရောင်းချလို့ရ မယ်၊ ပြည်ပနိုင်ငံတွေမှာ ပြန်ပြီးတော့ Trade လုပ်လို့ ရမယ်ဆိုရင် အများကြီး ကောင်းတာပေါ့။ ငွေကြေးဈေးကွက် လည်း မာလာနိုင်သလို ပြည်တွင်း ရွှေဈေးက ပြည်ပရွှေဈေးအတိုင်း ကမ္ဘာ့ရွှေဈေးနှုန်းကို အတက်အကျ ဖြစ်နေပေ မယ့် တကယ့်တကယ် ကမ္ဘာ့နိုင်ငံ တွေမှာ Trade လုပ်လို့ မရတာကနေ ရတဲ့အခြေအနေမျိုးဖြစ်အောင် ကြိုးစားတဲ့ ရွှေလုပ်ငန်းရှင်များ အသင်းကို တော့ ကျနော်တို့ အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် ဒီလိုမျိုးဆောင်ရွက်တဲ့ ဆောင်ရွက်ချက်ကြီးကလည်း ဟိုး အရင် အစိုးရလက်ထက် ကတည်းကပဲပေါ့နော်။ အဆင်မပြေတာတွေ၊ မအောင်မြင်တာတွေကတော့ ဘာကြောင့် ဖြစ်နေသလဲဆိုတာ သူတို့သိမှာပေါ့။ အဲဒီမအောင်မြင်တဲ့ အကြောင်းအရာတွေကို ကျနော်တို့က ပြုပြင်ပြောင်းလဲ ပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ရွှေသာရောင်းခွင့် ရမယ်ဆိုလို့ရှိရင် မြန်မာကျပ်ငွေကလည်း တန်ဖိုးမြင့်လာနိုင်ပါ တယ်။ ပိုမာလာနိုင်ပါတယ်ဗျ” ဟု ပြောသည်။

မြန်မာ့ရွှေသည် လက်ဝတ်တန်ဆာအနေဖြင့် ဂျပန်နိုင်ငံသို့ အနည်းငယ်သာ ရောင်းချနေပြီး လက်ရှိတွင် အမေရိကန်၊ အင်္ဂလန်၊ ဩစတေးလျ စသည့် နိုင်ငံများ၏ စတော့အိတ်ချိန်းတွင် အရည်အသွေး ပြည့်မီသည့် မြန်မာ့ရွှေ အတုံးအခဲများ ရောင်းချနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေနဲ့ဒေါ်လာကိုတွေ့ရစဉ် (ဓာတ်ပုံ-မော်ကွန်း)

၎င်းက “ကမ္ဘာ့စံချိန်မှီ ရွှေဖြစ်အောင်လို့ ၉ လေးလုံး ဒီက ထွက်နိုင်အောင် လုပ်နေတဲ့သဘောပါပဲ။ စံချိန်စံညွှန်း ချိန်ခွင်တွေ လုပ်နေတယ်ပေါ့။ စံချိန်စံညွှန်း ဓာတ်ခွဲခန်း စတင်တည်ဆောက်နေတာ ဖြစ်ပါတယ်။ လက်ဝတ် လက်စားတွေကတော့ ဒီကနေ ကျောက်စိမ်းတွေ၊ နီလာတွေ သွားတာက ဒါက တစ်မျိုးပေါ့။ ရွှေနဲ့သွားတာ၊ ကွပ်ပြီး သွားတာက တစ်မျိုး။ အဓိကကတော့ အတုံးအခဲကို ကီလိုပြား ခေါ်တာပေါ့။ တိုင်းပြည်ဝင်ငွေ တိုးလာတာပေါ့။ ကမ္ဘာ့ပေါက်ဈေးနဲ့ ပြည်တွင်းရွှေကို ရောင်းလို့ရတယ်ဆိုတော့ ရွှေတန်ဖိုး တက်လာတာပေါ့။ ဈေးကွက်လည်း ကျယ်ပြန့်လာတာပေါ့။ အရင်တုန်းကဆို ပြည်တွင်းဈေးကွက်ပဲရောင်းတာ။ အခု နိုင်ငံတကာဈေးကွက်ကို ရောင်းလို့ရသွားရင် အင်္ဂလန်ဈေးကွက် ရသွားရင်၊ အမေရိကန်ဈေးကွက်၊ ဂျပန်ဈေးကွက်၊ ဩစတေးလျဈေးကွက် အဲဒီလို ကမ္ဘာ့ဈေးကွက်တွေမှာ စတော့အိတ်ချိန်းတွေမှာ သွားအရောင်းအဝယ်လုပ်လို့ ရသွားတာပေါ့” ဟု ပြော သည်။

လက်ရှိတွင် မြန်မာ့ရွှေကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် အိတ်ချိန်းနှင့် ပို့ဆောင်ရေးကုမ္ပဏီ ၁၄ ခုဖြင့် ချိတ်ဆက်ထားကြောင်း၊ ထိုင်း၊ စင်္ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများက စိတ်ဝင်စားမှု ရှိနေကြောင်း သိရသည်။