CNI International News

အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၅

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာတွင် ကုန်ကျစရိတ်သည် အိမ်နီးချင်း နိုင်ငံများထက် ၃ ပုံ ၁ ပုံခန့်  (၃၄ ရာခိုင်နှုန်း) ပိုမိုမြင့်မားနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် ပုဂ္ဂလိက သုတေသန စစ်တမ်းများကို ကိုးကား ပြီး Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုကုန်ကျစရိတ် ကွာဟမှုကြောင့် လူငယ်များကို ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်မည့်အစား လခစား ဝန်ထမ်းများ အဖြစ်သာ လုပ်ကိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။

ပြီးခဲ့သည့်လက ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များကို ကိုယ်စားပြုသည့် ပါကစ္စတန် စီးပွားရေး (PBF) ၏  တွေ့ရှိချက်အရ ပါကစ္စတန်တွင် စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်ရန် အိမ်နီးချင်း တောင်အာရှနိုင်ငံများထက် ၃၄ ရာခိုင်နှုန်း ပိုမိုကုန်ကျကြောင်း သိရသည်။

ထိုလေ့လာ တွေ့ရှိချက်များကို PBF ၏ စည်းရုံးရေးမှူး အာမက် ဂျာဝက် (Ahmed Jawad) က  Nikkei Asia နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုလေ့လာ တွေ့ရှိချက်များသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ စုဆောင်း ကောက်ခံထားသော စက်မှုကဏ္ဍ ဆိုင်ရာ အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း ဂျာဝက်က ပြောကြားခဲ့သည်။

 ပါကစ္စတန် ငွေကြေးကို တွေ့ရစဉ်

ကုန်ကျစရိတ်များကို မြင့်တက်စေသည့် အဓိက အကြောင်းအရင်းများမှာ အဆောက်အအုံဆိုင်ရာ အကြောင်းအရင်းများကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။

“စက်သုံးဆီအပေါ် ကောက်ခံတဲ့ အခွန်တွေက မြင့်မားနေဆဲဖြစ်ပြီး စက်သုံးဆီ တစ်လီတာကို ရေနံဖွံ့ဖြိုးရေး အခွန်အနေနဲ့ ရူပီး ၈၀ လောက် အပိုပေးဆောင်နေရပါတယ်။ ဒါ့ပြင် ဘဏ်ချေးငွေ အတိုးနှုန်းတွေကလည်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင်မှာ ရှိနေပြီး ဒေသတွင်းနိုင်ငံတွေရဲ့ အတိုးနှုန်း ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် ၂ ဆနီးပါး မြင့်မားနေပါတယ်” ဟု ဂျာဝက်က ပြောကြားခဲ့သည်။

ထို့ပြင် မီတာခများမှာလည်း ဒေသတွင်း နိုင်ငံများတွင် ပျမ်းမျှ ၁၇ ရူပီးသာ ရှိသော်လည်း ပါကစ္စတန်တွင်မူ တစ်ယူနစ်လျှင် ၃၄ ရူပီး ခန့်အထိ ရှိနေကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသုံး ငွေကြေးဖြစ်သည့် ရူပီးတန်ဖိုး သိသိသာသာ ကျဆင်းသွားခြင်းကြောင့် သွင်းကုန်စရိတ်များကို ပိုမိုကြီးမားစေခဲ့သည်ဟု ၎င်းကဆိုသည်။

“ကုမ္ပဏီတွေအပေါ်မှာ  ကောက်ခံတဲ့ အခွန်နှုန်းထားဟာ ၅၅ ရာခိုင်နှုန်းအထိ ရှိနေနိုင်ပြီး ဒါဟာ ဒေသတွင်း တခြားနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေနဲ့ ယှဉ်ရင် သိသိသာသာကြီးကို ပိုများနေတာပါ”ဟု ဂျာဝက်က Nikkei Asia သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Nikkei Asia