CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်နေပြီး အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။
လက်ရှိ ပွင့်လင်းရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမို ဝင်ရောက်ရန် အတွက် သဘာဝဒေသ အရင်းအမြစ်များဖြစ်သည့် ရေတံခွန်များတွင် ခရီးစဉ်များ ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး အခြေအနေ ယခုထက် ပိုမိုကောင်းမွန်ပါက သေချာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးသွားလုပ်ငန်းသည် လမ်းပန်ဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်းကြောင့် ဖွံ့ဖြိုးမှု အားနည်းနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဟိုတယ်လုပ်ငန်းရှင် ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုန်ကားမပြောနဲ့ လောလောဆယ် ခရီးသွား ဧည့်သည်တွေတောင်မှ သွားလာလို့မရတဲ့ အနေအထားပေါ့ နော်။ အခုလိုပေါ့နော် လမ်းတွေ မပွင့်ရင် ပွင့်အောင် လုပ်ရမယ်။ လောလောဆယ်တော့ ခရီးသွားက လာတာနည်းတယ်၊ နည်းတဲ့ အတွက် ဟိုတောင်ကြီး ဘက်ကနေ ပတ်သွားရတယ်။ တောင်ကြီးဘက်က လမ်းတွေကလည်း အမှန်တိုင်းပြောရင် အဆင်မပြေဘူး။ လမ်းတွေကလည်း ဆိုးတယ်၊ လမ်းတွေကလည်း ကြမ်းတဲ့အတွက် ခရီးသွားကတော့ တော်တော် လေးကို နည်းပါတယ်။ အဲ့ဒီဘက်မှာ အခုဒေသ ဖွံ့ဖြိုးရေး လုပ်တာရော၊ ခက်ခက်ခဲခဲ သွားလာနေရတာရောဆိုရင် ခရီးသွား လုပ်ငန်းကတော့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ လုံးဝပွင့်လင်းတာတော့ မရှိသေးဘူးပေါ့။ ဟိုတိုးတက် တာလည်း မရှိသေးဘူးပေါ့နော်။ ဟိုမဖြစ်မနေ သွားရမဲ့ ခရီးသွားတွေ လောက်ပဲရှိတယ်ပေါ့။ လာရှိုးဆိုရင် ဒါခရီး သွား လုပ်ငန်း ဖွံ့ဖြိုးဖို့ဆို လေယာဥ်လေးတွေ ပြေးဆွဲစေချင်တယ်ပေါ့နော်။ သီပေါတံတားမှာ အကြောင်းမရှိပဲ ပိတ် ထားတာတွေ ဖွင့်စေချင်တယ်။ ဒီဘက် တောင်ကြီး ဘက်ကသွားတဲ့ လမ်းတွေဆိုရင် တော်တော်ဆိုးတယ်။ အဲ့ဒီ လမ်းတွေဆိုရင် ပြုပြင်ပြောင်းလဲ စေချင်တယ်ပေါ့။ စီးပွားရေး လုပ်ငန်း တိုးတက်ဖို့ဆို အဓိက,ကတော့ လမ်းပန်း ဆက်သွယ်ရေးပိုင်းကို ဦးစားပေးပြီး ဆောင်ရွက်မယ်။ အခုပိတ်ထားတဲ့ လေယာဥ်တွေဆိုလည်း ဖွင့်စေချင်တယ် ပေါ့နော်။ ဒါဆိုရင်တော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ်ထင်ပါတယ် ရှမ်းပြည်မြောက်ပိုင်း”ဟု ပြောသည်။

လားရှိုးမြို့အတွင်း တစ်နေရာကို တွေ့ရစဉ်
မန္တလေး- မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည့် လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါလှသည်။
တရုတ်နယ်စပ်နှင့် မိုင် ၁၀၀ ကျော်သာဝေးသည့် လားရှိုးမြို့သည် ဒုတိယကမ္ဘာစစ် ကာလတွင် တရုတ်၊ ဂျပန်နှင့် မဟာမိတ်တပ်များ စစ်စခန်းချရာမြို့အဖြစ် ထင်ရှားခဲ့သည်။
၁၉၇၀ နောက်ပိုင်း တရုတ်နယ်စပ်မှ အင်အား ပြန်လည်ကြီးထွားလာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ လှုပ်ရှားမှုများ ထိန်းချုပ်ရန်အတွက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ထားရှိရသည်အထိ စစ်ရေးအရ အရေးပါသည့် မြိုတစ်မြို့ ဖြစ်သည်။
ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အလည်အပတ် လာသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များဖြင့် ပြည့်နှက်နေ ကြောင်း၊ ယခုအခါမှာတော့ သွားလာရေးနှင့် လုံခြုံရေး အခက်အခဲများကြောင့် ခရီးသွားလုပ်ငန်း အပြင် ဟိုတယ် လုပ်ငန်းများ ခက်ခဲကြောင်း ဟိုတယ်လုပ်ငန်းရှင် ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

လားရှိုးမြို့အတွင်း တစ်နေရာကို တွေ့ရစဉ်
၎င်းက “အခုက မဖြစ်မနေ လာရတဲ့ ခရီးသွားတွေပဲ ရှိတာဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် ၁၀၀ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ခရီးသွားကြတော့တာကို။ ဒါတောင်မှ လာရှိုးမှာနေတဲ့ ခရီးသွားနဲ့ ရှမ်းမြောက်မှာ နေထိုင် တဲ့ ခရီးသွားတွေလောက်ပဲ မဖြစ်မနေ သွားကြလာကြ အဲ့ဒီလိုလေးပဲရှိတယ်။ ဟိုလိုသီးသန့် တကူးတက စီးပွား ရေးကြောင့် လာတဲ့ ခရီးသွားတွေ မရှိဘူး။ ဟိုအလည်အပတ်နဲ့လာဖို့ ခရီးသွားတွေ မရှိဘူးပေါ့။ အရင်တုန်းကဆို ၁၀၀ မှာ ၁၀၀ ရာခိုင်နှုန်း သွားကြတာကို ဘာလို့သွားလဲဆိုရင် ပြည်ထောင်စု လမ်းမကြီးလည်းဖွင့်တယ်။ တရုတ် ပြည်နဲ့ မြန်မာနဲ့လည်း ဟိုဟာပေါ့နော် စီးပွားရေး ကူးသန်းရောင်းဝယ်မှုလည်း ကောင်းတယ်။ ဦးတို့ လားရှိုးဆိုရင် ဘိုကင်ကြိုယူရတယ် ဟိုတယ်တွေဆိုရင်။ အဲ့ဒီလိုပေါ့မူဆယ်ဆိုရင် ဘိုကင်ကြိုယူရတယ်။ ခရီးသွား အဲ့ဒီလောက်ထိတောင်မှ များခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးဖြစ်စဥ် မဖြစ်ခင်ထိပေါ့။ ဒီရှမ်းမြောက်တစ်ခုလုံးက ခရီးသွားမှာ ပွင့်ပွင့်လင်း လင်း ပြောရင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အသွားအလာ အလည်အပတ်တွေနဲ့ တွက်လိုက်မယ်ဆို လို့ရှိရင် ၁၀၀ ရာခိုင်နှုန်းထိ အလည်အပတ် ရှိတယ်ပေါ့နော်။ အခု လောလောဆယ် လက်တလောက ဟို တပ်မတော် ထိန်းချုပ် တဲ့ နေရာလည်း ရှိတယ်၊ ဟိုတခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်တဲ့ နေရာလည်း ရှိတယ်ပေါ့နော်။ အဓိက,ကတော့ ဒီရှမ်းမြောက်ရဲ့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ရယ်၊ တရုတ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှု ဖြစ်ဖို့ဆို ဒါက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းမှုလေးတွေ လုပ်ပြီးမှ ပွင့်လင်းမြင်သာစွာ ကုန်စည်ကူးသန်း ဖို့ အခွန်လည်း ကောက်မယ်ပေါ့၊ ကုန်စည်ကူးသန်းမှုလည်း ဥပဒေတစ်ခု ပြဋ္ဌာန်းပြီးမှ သွားလာခွင့်ပြုမယ်။ ခရီးစဥ် လေးတွေလည်း အရင်လိုပဲပြန်ပြီး ဖွင့်လှစ်ပေးမယ်ဆိုရင်ပေါ့လေ ပိုကောင်းတာပေါ့”ဟု ပြောသည်။
လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တပ်မတော် အား တိုက်ခိုက်၍ ထိန်းချုပ်ခဲ့သည်။
သို့သော် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် MNDAA က တပ်မတော်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
