CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ 

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အထူးဒေသ(၁) နယ်မြေအတွင်း အိမ်ခြံမြေ ရောင်း/ဝယ်ခြင်းများ ရပ်တန့်ထားရန်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ထုတ်ပေးထားသော လက်နက်ခဲယမ်းများ ပြန်လည်အပ်နှံရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အထူးဒေသ(၁)၊ စစ်ရေးအုပ်ချုပ်မှုကော်မတီဟု ညွှန်းဆို ထားသည်။

ထိုကော်မတီက (၁) မြေယာ၊ အိမ်ရောင်းဝယ်ခြင်းနှင့် ငှားရမ်းခြင်းဆိုင်ရာ ယာယီစီမံခန့်ခွဲမှု စည်းကမ်းများ သတ်မှတ်ခြင်း အသိပေးညွှန်ကြားစာ၊ (၂) လက်နက်ခဲယမ်းထိန်းသိမ်းရေး စည်းကမ်းသတ်မှတ်ခြင်း အသိပေး ညွှန်ကြားစာ တို့ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

MNDAA သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BNRA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF)တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့သည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များထိန်းချုပ်ရေးနှင့် မြန်မာ့တပ်မတော် စစ်စခန်းများ သိမ်းပိုက်ရေးဖြစ်သည်။

ထို့နောက် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အချိန်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့အထိ မဟာမိတ် အဖွဲ့များသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်လုံ၊ ဖောင်းဆိုင် ၊ သိန္နီ၊ သီပေါ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့နယ်များကို ထိန်းချုပ်ထားသလို မြန်မာ့တပ်မတော်၏ စစ်စခန်းပေါင်း ရာချီကိုလည်း သိမ်းပိုက်ထားသည်။