CNI International News

နယူးဒေလီ၊ ဇန်နဝါရီ ၂၃ 

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရန် စီစဉ်နေပြီး နှစ်နိုင်ငံ အကြား နယ်စပ်ဒေသတွင် လွတ်လပ်စွာ သွားလာခွင့် အစီအစဉ်ကိုလည်း ပယ်ဖျက်ရန် စီစဉ်နေသည် Thai PBS World မှ ဖော်ပြခဲ့သည်။

ရာနှင့်ချီသည့် မြန်မာစစ်သားများသည် အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက် လာခဲ့ပြီးနောက် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ် ရှား (Amit Shah) က ထိုအစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယမီဒီယာများ က ဇန်နဝါရီ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။ 

အိန္ဒိယအစိုးရသည် ကီလိုမီတာ ၁၂၀၀ အရှည်ရှိသည့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်လုံးကို ခြံစည်းရိုးကာရန် ဆုံးဖြတ်ခဲ့ကြောင်း ရှားက ဇန်နဝါရီ ၂၀ ရက်တွင် နိုင်ငံအရှေ့မြောက်ပိုင်း အာသံ (Assam) ပြည်နယ်သို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ 

ထို့ပြင် အိန္ဒိယအစိုးရသည် မြန်မာနှင့် လွတ်လပ်စွာ သွားလာရေး သဘောတူညီချက်ကိုလည်း အဆုံးသတ်ရန် စီစဉ်နေကြောင်း ရှားက ပြောကြားခဲ့သော်လည်း သဘောတူညီချက် အဆုံးသတ်မည့် အချိန်အတိအကျကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထိုသဘောတူညီချက်အရ အိန္ဒိယနှင့် မြန်မာ နယ်စပ်ဒေသများတွင် နေထိုင်သူများသည် ဗီဇာမလိုဘဲ တစ်ဖက်နှင့် တစ်ဖက် သတ်မှတ်ထားသည့် နေရာဒေသများကို သွားလာခွင့် ရရှိထားသည်။

နယ်စပ်ဒေသများတွင် နေထိုင်သူအများစုသည် ယဉ်ကျေးမှုနှင့် ဘာသာရေး ဆက်ဆံရေးများ နီးစပ်နေပြီး ထိုသဘောတူညီချက်ကို အဆုံးသတ်မည်ဟု ရှားက ပြောကြားခဲ့ကြောင်း Times of India သတင်းစာက ဖော်ပြခဲ့သည်။

အိန္ဒိယသည် ပါကစ္စတန်နှင့်ထိစပ်နေသည့် ကီလိုမီတာ ၂၀၀၀ ကျော် အရှည်ရှိသည့် နယ်စပ်ဒေသ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိစပ်နေသည့် ကီလိုမီတာ ၃၁၀၀ အရှည်ရှိသည့် နယ်စပ်များကိုလည်း ခြံစည်းရိုးကာခဲ့ကြောင်း ၂၀၂၁ ခုနှစ်က ထုတ်ပြန်သည့် အစိုးရ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မြန်မာ၏ နယ်မြေများတွင် ရခိုင်ပြည်နယ်၏ AA လက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယခုလအစောပိုင်းက မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တရုတ်၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ထိုသဘောတူညီချက်သည် အိန္ဒိယ နယ်စပ် ဒေသများအနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် အကျုံးဝင်ခဲ့ခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည်။

Source: Thai PBS World