CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာ့တပ်မတော်သည် စစ်စခန်းများ ဆုံးရှုံးနေရ သလို နယ်မြေများလည်း လက်လွှတ်နေရခြင်းကြောင့် မည်ကဲ့သို့ စစ်ရေးအပြောင်းအလဲများ လုပ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်နေကြသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ ဆင်နွှဲခဲ့ သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မြို့နယ်အများစုကို တပ်မတော်ဘက်က လက်လွှတ်ခဲ့ရသလို ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့လည်း လက်လွတ်ခဲ့ရသည်။

တိုင်းပြည်ကမောက်ကမ ဖြစ်နေပါက ပြန်လည်ထူထောင်ရေး လုပ်ဆောင်၍ မရကြောင်း၊ စီးပွားရေးလည်း ကောင်းလာမှာ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှင်းရှင်းပြောရရင်တော့ဗျာ၊ ကျနော်တို့က အင်အားရော တကယ်ရော တပ်မှာ ရှိသေးရဲ့လားလို့ ကျနော်တို့ က သုံးသပ်တယ်ဗျ၊ ဘာလို့လဲဆိုတော့ နောက်ကလည်း စစ်ကူလည်း မလိုက်နိုင်၊ ရှေ့လူတွေနဲ့တိုက် မရရင် ပြန် ဆုတ်ဆိုတဲ့ဟာကြီးကြတော့ အဲဒီအချိုးအတိုင်းဖြစ်နေတော့ ရှင်းရှင်းပြောရရင်‌တော့ တိုင်းပြည်ကာကွယ်ရေး အတွက်တောင် ကျနော်တို့က စိတ်ပူလာတယ်ဗျ။ ပြန်ပြီးတော့ ခုခံကာကွယ်နိုင်တာ ချောင်းနှစ်ခွစခန်းတစ်ခုပဲရှိ တယ်။ ကျန်တာတွေ အကုန်လုံးက ဆုတ်နေရတာကြီးပဲ မြင်နေရတယ်ဗျ၊ ဘာကြောင့် အဲဒီလောက်အထိ တပ်မတော်နဲ့ တိုက်ရေးခိုက်ရေးက စွမ်းရည်တွေက ကျဆင်းပြီးတော့ ဘယ်လိုဖြစ်သလဲဆိုတာ ကျနော်လည်း သုံးသပ်လို့တော့ မရဘူးဗျ၊ ရှင်းရှင်းပြောရရင်တော့ တိုင်းပြည်က ကမောက်ကမဖြစ်နေရင်တော့ ဘယ်တော့မှ ထူထောင်နိုင်မှာလည်း မဟုတ်ဘူး။ စီးပွားရေးလည်း ကောင်းလာနိုင်မှာလည်း မဟုတ်ဘူး။ တိုင်းပြည်က နစ်သထက် နစ်သွားမယ်ပဲလို့ ကျနော်မြင်ပါတယ်ဗျ” ဟု ပြောသည်။

 မြန်မာ့တပ်မတော် စစ်စခန်းတစ်ခုကို AA ထိန်းချုပ်လိုက်စဉ်

လာမည့် ဇန်နဝါရီ ၃၁ ရက်မှာ နစကအနေဖြင့် အပြောင်းအလဲ ပြုလုပ်လာနိုင်ကြောင်း၊ ထို့နောက် မြန်မာ့ တပ်မတော် အနေဖြင့် နယ်မြေတည်ငြိမ်ရေးများ လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ် သည်။

လက်ရှိတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ မြန်မာ့တပ်မတော်၏ စစ်စခန်း အချို့ နောက်ဆုတ်ရမှုများ ရှိနေသလို မြို့အချို့အား တော်လှန်ရေးအင်အားစုများဘက်မှ သိမ်းယူမှုများ ရှိနေ သည်။

မြန်မာ့တပ်မတော်အနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ခရီးသွားလာမှုများကို ကန့်သတ်လာနိုင်ကြောင်း ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် အနေအထားမှာ ကျနော်တို့ တွေ့နေရတာတော့ ရွာတွေကို ခြိမ်းခြောက်တာတို့ နောက်တစ်ခု လက်နက်ကြီး၊ လေယာဉ်တို့နဲ့ ပစ်ခတ်တာတို့ စားနပ်ရိက္ခာပိုင်းဆိုင်ရာ၊ ဆေးဝါးပိုင်းဆိုင်ရာ ဖြတ်တောက်တာတို့ သွားလာရေးတွေ ဖြတ်တောက်တာတို့ လတ်တလောမှာ စစ်ကောင်စီ လုပ်နေကြ အလုပ်တွေလို့ ကျနော်တို့ တွေ့နေရပါတယ်ခင်ဗျ” ဟု ပြောသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လတ်တလော အနေအထားတွင် နစကအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ကြုံတွေ့နေရပြီး လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် မည်ကဲ့သို့သော အပြောင်းအလဲ လုပ်ဆောင်လာမလဲ ဆိုသည့်အပေါ် မူတည်ပြီး တိုင်းပြည်၏ အဆိုးအကောင်းကို ကြုံတွေ့ရမည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၃ နှစ်ပြည့်မည် ဖြစ်ပြီး နောက်ထက် ၆ လ သက်တမ်းတိုး လာနိုင်သည်။