CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၄

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်မည်ဟု ‌ကြေညာမှုကို မိမိတို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ လက်ခံကြောင်း ABSDF ၏ ပြောရေးဆိုခွင့် ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့  ပြောသည်။

နောင်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက ၎င်းပြည်ထောင်စုနှင့် ကိုက်ညီမည့် တပ်မတော်တစ်ခုအား တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

NUG နဲ့ NUCC အစည်းအဝေးကိုတွေ့ရစဉ်

ရဲဘော်အေးလွင်က “ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် အဲဒီ ပြည်ထောင် စုနဲ့ လိုက်လျောညီထွေမယ့် ဖက်ဒရယ်တပ်မတော်ဆိုတာတော့ ရှိရမှာပေါ့၊ အဲဒါကို ကျနော်တို့ ABSDF က လက်ခံ ထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ ရှိနေတဲ့ လက်နက်ကိုင်တွေထဲ အခြေအနေတွေ အားလုံးကို ကျနော်တို့က တိုင်းပြည်ရဲ့ လုံခြုံ‌ရေး ရှု့ထောင့်ကနေ ကျနော်တို့ ကြည့်ပြီးတော့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ဘယ်လို လုံခြုံရေး ကဏ္ဍကို ဘယ်လို ကျနော်တို့ ပြန်လည်ပြီး တည်ဆောက်သွားမလဲဆိုတာကိုတော့ ကျနော်တို့ စဉ်းစားမှာပါ၊ အဲဒီ စဉ်းစားတဲ့ အချိန်ကြရင်တော့ Local PDF တွေလား၊ တခြား PDF တွေလား တိုင်းရင်းသးလက်နက်ကိုင် အဖွဲ့အစည်းတွေလား အဲဒါတွေရဲ့ ပါဝင်မှုတွေက ရှိရမှာပေါ့နော်၊ အချုပ်ပြောချင်တာက တိုင်းပြည်ရဲ့ ပြန်လည် ပြုပြင်ပြောင်းလဲမှု၊ တိုင်းပြည်ရဲ့ ပြန်လည်တည်ဆောက်မှု လုပ်တဲ့နေရာမှာ အကြီးဆုံးအခန်းကဏ္ဍ တစ်ခုဖြစ်တဲ့ ကျနော်တို့ သေသေချာချာ လုပ်ဖို့တော့လိုတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာ၍ ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်သွားမည်ဟု NUCC နှင့် NUG တို့က ထုတ် ပြန် ကြေညာခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တစ်ရပ်ကို ထူထောင်ကာ လက်ရှိ နစကကို ဖြုတ်ချမည့် လှုပ်ရှားမှု မကြာခင် ရောက်လာ‌တော့မှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ABSDF တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “တိုင်းပြည်တစ်ပြည်မှာ စစ်တပ်မရှိလို့ မဖြစ်ပါဘူး။ အဲဒီစစ်တပ်ကလည်း ကိုယ်ထူထောင်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအစိုးရကို နာခံတဲ့ အစိုးရဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့်မို့ အခုဖက်ဒရယ် ပြည်ထောင်စု ကြီး ထူထောင်ဖို့အတွက် လက်တစ်ကမ်းအလိုမှာ ဖက်ဒရယ်တပ်မတော်ကို ထူထောင်လိုက်တာလို့ ကျနော်တို့ ယူဆပါတယ်။ ခုချိန်မှာ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးအတွက် အချက်အလက်တွေကလည်း ရင်းမှည့်နေပါ ပြီ။ အခု NUG အောက်မှာ တပ်ရင်းပေါင်း ၃၀၀ ကျော်၊ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ ၂၅၀ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနဲ့ လှုပ်ရှားနေမှုထဲမှာ ပါဝင်နေပြီဖြစ်တဲ့အတွက် အဲဒီအင်အားစုတွေ စုစည်းပြီး တော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တစ်ရပ် ထူထောင်ပြီးတော့ စစ်ကောင်စီတပ်ကို အပြီးသတ် မြေမြှပ် သင်္ဂြိုလ်ပစ်မယ့် လှုပ်ရှားမှုဟာ မကြာခင်လာတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ တည်ရှိနေသလို ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီ နောက်ပိုင်း မှ နိုင်ငံရေးအခင်းအကျင်းအရ ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့အစည်း ရာနှင့်ချီ ရှိနေသောကြောင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ရန် ခက်ခဲနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှု များလည်း ရှိနေသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။