CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ဆောင်ထားသူများက စစ်မှုထမ်းဆောင်ရန် မတူညီသော လုပ်ငန်းစဉ်များဖြင့် ဖော်ဆောင်နေကြခြင်းကြောင့် လူငယ်များ၏ အနာဂတ်များ ပျောက်ဆုံးလာနေသည်ဟု လူငယ်များနှင့် နိုင်ငံရေး အသိုင်းအဝိုင်းကြား ပြောဆိုလာကြသည်။ 

လတ်တလော နစက၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်သားခေါ်ယူမှုများကြောင့် လူငယ်အများစုသည် စိုးရိမ်နေကြသလို ပြည်ပသို့ အများအပြား ထွက်ခွာမှုများ ရှိနေကြောင်း သိရသည်။

အလားတူ မတူညီသော လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းများ၏ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းကို ရှောင်လွှဲမရ သော လူငယ်များသည်လည်း ယခင်က မျှော်မှန်းခဲ့သော အနာဂတ်များ ပျောက်ဆုံးလာခဲ့သည်။

လူငယ်များ အနာဂတ်ပျောက်ဆုံးရခြင်းမှာ တိုင်းပြည်ကို အုပ်ချုပ်မည့် ခေါင်း‌ဆောင်၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင် ကြောင်း၊ ယခင်ကတည်းက ဖြစ်လာသည့်ကိစ္စဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်း(မအူပင်) က CNI သတင်းဌာနသို့ ပြောသည်။

လုံခြုံရေးယူထားသည့် မြန်မာ့တပ်မတော်သား တစ်ဦးကိုတွေ့ရစဉ်

၎င်းက “ဟိုတုန်းကတည်းက ဖြစ်တဲ့အကြောင်းတရားတွေကို ပြန်ပြီးတော့ စစ်လိုက်တဲ့အခါမှာ ဘာကြောင့် ဒီလို တွေ ဖြစ်တာလဲဆိုတော့ လူငယ်တွေရဲ့ အနာဂတ်ကို အလေးထားရမှန်း မသိဘူး။ တက်လာတဲ့ အစိုးရက၊ တက်လာတဲ့ အစိုးရက စီမံကိန်းတွေကို အိမ်ဆောက်မယ်၊ လမ်းဆောက်မယ်၊ တံတားခင်းမယ်၊ ဒါပဲ စိတ်ဝင်စား တယ်၊ ပြည်သူတွေရဲ့ အသိပညာတိုးတက်အောင် လူငယ်တွေရဲ့ အနာဂတ် ပညာရေး၊ နည်းပညာပိုင်းဆိုင်ရာတွေ ဒါတွေကို မလုပ်နိုင်ဘူး။ အဲဒီကတည်းက တစ်လတစ်လကို အန်ကယ် သိသလောက်ဆိုရင် ယိုးဒယားမှာဆိုရင် အန်ကယ်တို့ လူပေါင်း ၃ သန်းလောက်ရှိတယ်။ အခုလောက်ဆို ၅ သန်းလောက်တောင် ဖြစ်နေပြီ။ မြန်မာနိုင်ငံ ကနေ တစ်လတစ်လကို ထွက်သွားနေတာ ၃ သောင်း ပတ်ဝန်းကျင်လောက်ရှိတယ် အဲဒီတုန်းက ဖတ်ထားတယ်။ လူငယ်တွေက အနာဂတ်အတွက် အရမ်းအရေးကြီးတယ်။ လူငယ်တွေ အသိမှားတာသည် လူငယ်တွေ အပြစ် မဟုတ်ဘူး။ အုပ်ချုပ်တဲ့ လူပေါ်မှာ အပြစ်။ လူငယ်တွေ အလုပ်လုပ်ကိုင်ခွင့် မရှိတာသည် လူငယ်တွေ အပြစ် မဟုတ်ဘူး။ အဲဒီနိုင်ငံမှာ အုပ်ချုပ်တဲ့ လူရဲ့ ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှု အားနည်းလို့ ဒီလိုဖြစ်တာ။ အဲဒီတော့ လူငယ်တွေ အနာဂတ်ပျောက်တယ်၊ မှန်တယ်။ အနာဂတ် မပျောက်အောင် အန်ကယ်တို့ကတော့ ရတဲ့ဖက်ကနေ တတ်နိုင်သလောက် ပြည်သူနဲ့ တစ်သားတည်းနေပြီးတော့ ဆောင်ရွက်ပေးပါတယ်” ဟု ပြောသည်။

ယခင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသများတွင် လူသစ်စုဆောင်းမှုများကြောင့် လူငယ်အများစုမှာ  ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့် မြို့ကြီးများသို့ ထွက်ပြေးတိမ်းရှောင်ကြသလို နီးစပ်ရာ နိုင်ငံသို့ ထွက်ခွာကြရသည်။

ထို့နောက် ရန်ကုန်၊ နေပြည်တော်တို့တွင် နစကမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်မှုထမ်းနိုင်သည့် အသက်အရွယ် အပိုင်းအခြားအရ လူငယ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် စာရင်းကောက်ယူမှုများ ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စစ်သားခေါ်ယူမှုမှာ မိမိတို့၏ ရပ်ရွာ၊ ဒေသများကို ကာကွယ်နိုင်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး - ၂  ခွန်ဝေထူးက CNI သတင်းဌာနသို့ ပြောသည်။

စစ်သင်တန်းတက်နေကြစဉ်

၎င်းက “စစ်ကောင်စီ အခုစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်သားခေါ်ယူတဲ့ ကိစ္စသည် ယနေ့မှ လုပ်တာမျိုး မဟုတ် ဘူး။ ခေတ်အဆက်ဆက်က တိုင်းရင်းသားနယ်မြေ၊ တိုင်းရင်းသားဒေသတွေမှာ လိုအပ်ရင် လိုအပ်သလို ကြုံရင် ကြုံသလို မိန်းမ၊ ယောကျ်ား၊ ကလေးလူကြီး မရှောင်ဘဲနဲ့ ပေါ်တာဖမ်းတယ်ပေါ့ခင်ဗျာ၊ ယနေ့ စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် ဒါတရားဝင်ပေါ်တာဖမ်းလို့ရပြီလို့ကြေညာလိုက်တာနဲ့ အတူတူပဲဖြစ်တယ်။ စစ်ကောင်စီက တရားဝင်ပေါ်တာဖမ်းတဲ့ လုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ပြည်သူအချင်းချင်း သွေးမြေကျမယ့် ရည်ရွယ်ချက်ဖြစ်တယ်၊ ပြည်သူအချင်းချင်းကို တိုက်ခိုက်သတ်ဖြတ်ရမယ့် ရည်ရွယ်ချက်တွေ ဖြစ်တယ်ဆိုတာကို အဓိက highlight ပေးပြီးပြောလိုတယ်။ ဗမာမဟုတ်သော တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်သားခေါ်ယူတဲ့ ကိစ္စသည် သူ့ရဲ့ရည်ရွယ်ချက်အပေါ်မှာ မူတည် တယ်။ အဲဒါက ဘာလဲဆိုတော့ ဒီအာဏာရှင် ခေတ်အဆက်ဆက်သော စစ်အာဏာရှင် လူတစ်စုတွေက တိုင်းရင်းသားဒေသတွေမှာ လာရောက်တိုက်ခိုက် စိုးမိုးအနိုင်ကျင့်တဲ့အပေါ်မှာ ဖိနှိပ်ခံတိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ မြို့၊ မိမိတို့ရဲ့ ဒေသ၊ မိမိတို့ရဲ့ ရပ်ရွာကို ပြန်လည်ကာကွယ်နိုင်ဖို့အတွက် စစ်ပညာတွေကို သင်ကြားပေး တာ ဖြစ်တယ်။ စစ်ပညာတွေကို သင်ယူတတ်မြောက်ပြီးတော့မှ မိမိအတွက်လုံခြုံရေး၊ မိမိရပ်ရွာ၊ မိမိမြို့လုံခြုံရေး၊ မိမိဒေသလုံခြုံရေးအတွက် မိမိကိုယ်ကိုယ်ကာကွယ်ရန် ရည်ရွယ်ချက်နဲ့ ဒါကျနော်တို့ ခေါ်ယူကြတာ ဖြစ်တယ်လို့ ကျနော်ကတော့ ဒီလို ပြန်ပြီးတော့ တင်ပြလိုပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ထားသော အဖွဲ့အစည်းပေါင်းစုံက လူငယ်များကို စစ်မှုမထမ်း မနေရ စစ်သားစုဆောင်းမှုများရှိနေခြင်းကြောင့် လူငယ်များသည် ၎င်းတို့ဖြစ်ချင်ခဲ့သော အနာဂတ်ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်ရေးအတွက်လည်း လမ်းစများ ပျောက်ကွယ်လာနေသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နယ်ခြား စောင့်တပ်များ၊ ပြည်သူ့စစ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ စသည့် မတူညီသော လက်နက်ကိုင်ထား ကြသည့် အဖွဲ့အစည်းပေါင်းများစွာ ရှိနေသည်။

အားလုံးကလည်း မြန်မာနိုင်ငံအတွင်းရှိ လူငယ်များနှင့် စစ်မှုထမ်းနိုင်သည့် အရွယ်ရှိသူများကို မတူညီသော အကြောင်းအမျိုးမျိုးကို ပြ၍ လူသစ်စုဆောင်းမှုများ ပြုလုပ်လျက်ရှိနေသည်။