CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၆

ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး တစ်လအတွင်း အစိုးရဖွဲ့ရန် လွှတ်တော်ကို တိုက်တွန်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲပြီးကတည်းက အစိုးရသစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

နိုင်ငံရေး တည်ငြိမ်မှုရှိစေရန် စီးပွားရေး အသိုင်းအဝိုင်းက တောင်းဆိုနေကြပြီး လက်ရှိ ဖြစ်ပျက်နေသည့် အခင်း အကျင်းသည် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအပြီး နှစ်လကြာသည်အထိ ထိုင်းတွင် ဝန်ကြီးချုပ်ရာထူးနေရာ ရွေးချယ်ရေးအတွက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံ၏ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်သည် မည်သူဖြစ်လာနိုင်သည် ဆိုခြင်းကို သေသေချာချာ မသိရသေးပေ။

လက်ရှိနိုင်ငံရေး အကျပ်အတည်းသည် ထိုင်းနိုင်ငံအတွင်း ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံရေးနှင့် ပတ်သက်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနေသည်။

ထို့ကြောင့် ရှင်းလင်းပြတ်သားသည့် အခြေအနေတစ်ရပ်ကို အမြန်ဆုံး ဖော်ဆောင်ရန် လိုအပ်သည်ဟု ပူးတွဲ ပြည်ပကုန်သည်ကြီးများအသင်း (Joint Foreign Chamber of Commerce)၏ ဥက္ကဋ္ဌဟောင်း စတန်လေကန် (Stanley Kang) က ပြောသည်။

အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ မွတ်ခ်ပီဘူလ်ဒမ်ကို တွေ့ရစဉ်

စီးပွားရေး အသိုင်းအဝိုင်းသည် အဆုံးမရှိသည့် အခြေအနေတစ်ရပ်ကို စောင့််ဆိုင်းနိုင်မည် မဟုတ်ကြောင်း စတန်လေက Thai PBS World ကို ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

"ပါတီတစ်ခုချင်းစီတိုင်းဟာ ပါတီရဲ့ အကျိုးစီးပွားတွေထက် နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ရှေ့တန်း တင်သင့်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးကို ထိခိုက်မှုရှိစေတဲ့ ပြဿနာတွေကို အလျင်အမြန် ဖြေရှင်းဖို့ လိုအပ်တာကြောင့် တစ်လအတွင်း အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ကို ပုဂ္ဂလိကကဏ္ဍက မျှော်လင့်နေပါတယ်။ ဘယ်ပါတီပဲ အုပ်ချုပ်ပါစေ၊ ပုဂ္ဂလိက ကဏ္ဍကတော့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ" ဟုစတန်လေက ပြော သည်။

ပြည်ပရင်းနှီးမြှုပ်နှံသူများကလည်း လျင်မြန်ချောမွေ့သည့်် အာဏာလွှဲပြောင်းရေးကိုသာ လိုချင်ကြကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်း (American Chamber of Commerce)၏ ဥက္ကဋ္ဌ မွတ်ခ် ပီဘူလ်ဒမ် (Mook Pibuldham) က ပြောသည်။ 

အစိုးရအဖွဲ့၏ ခိုင်မာတောင့်တင်းမှုသည် လာမည့်လေးနှစ်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် သက်ဆိုင်နေသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိသူများကိုသာ အစိုးရကို ဖွဲ့စည်းစေလို သည်ဟု မွတ်ခ်က ပြောကြားခဲ့သည်။

အသစ်ဖွဲ့စည်းမည့် အစိုးရသည် အိမ်ထောင်စုများ၏ ကြွေးမြီ မြင့်တက်မှုနှင့် လျှပ်စစ်ဓာတ်အားအတွက် ကုန်ကျ စရိတ် မြင့်တက်မှုများ အပါအဝင် ပြဿနာအများအပြားကို ဖြေရှင်းပေးရန် လိုအပ်သည်ဟုလည်း မွတ်ခ်က ပြောကြားခဲ့သည်။  

ဥရောပ စီးပွားရေးနှင့် ကုန်သွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဖာရစ်ဘစ်ဂိုလီကို တွေ့ရစဉ်

"ကျမတို့ ပြောခဲ့သလိုပဲ အိမ်ထောင်စု ကြွေးမြီတွေက ဂျီဒီပီရဲ့ ၉၀ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး လျှပ်စစ် ဓာတ်အားအတွက် ကုန်ကျစရိတ်ကလည်း ကြီးမားနေပါတယ်။ အခုအချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ လျှပ်စစ်ဓာတ်အားခတွေကို ဗီယက်နမ်မှာထက် နှစ်ဆ၊ မလေးရှားမှာထက် သုံးဆလောက် ပိုပေးနေရပါတယ်။ အဲဒါကြောင့် ထိုင်းမှာရှိတဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေဟာ နိုင်ငံတကာ ဈေးကွက်မှာ ဘယ်လိုလုပ်ပြီး ယှဉ်နိုင် မှာလဲ" ဟု မွတ်ခ်က ပြောသည်။

ပြည်တွင်းရေး ပြဿနာများအပြင် နိုင်ငံရေးတည်ငြိမ်မှုသည် ဥရောပသမဂ္ဂ (EU) နှင့် ထိုင်းနိုင်ငံအကြား ရေရှည် တည်တံ့သည့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဥရောပ စီးပွားရေး နှင့် ကုန်သွယ်ရေးအသင်း (European Association for Business and Commerce) ၏ ဥက္ကဋ္ဌ ဖာရစ် ဘစ်ဂိုလီ (Farid Bidgoli)က ပြောသည်။ 

"စက်တင်ဘာ ဒါမှမဟုတ် မကြာခင် အချိန်အတွင်း ထိုင်းမှာ အစိုးရအဖွဲ့သည် ဖွဲ့စည်းပြီးဖို့ ကျနော်တို့ မျှော်လင့်ပါ တယ်။ ရွေးကောက်ခံထားရပြီး ခိုင်မာတဲ့ အစိုးရဖြစ်ဖို့ မျှော်လင့်ပါတယ်။ လွတ်လပ်စွာ ကုန်သွယ်ရေး ညှိနှိုင်း ဆွေးနွေး မှုတွေကို နှောင့်နှေးကြန့်ကြာစေနိုင်မယ့် စိန်ခေါ်မှုတွေ မရှိဖို့ မျှော်လင့်ပါတယ်"ဟု ဖာရစ်က ပြောသည်။

နိုင်ငံရေးအကျပ်အတည်း၏ သက်ရောက်မှုနှင့်အတူ ထိုင်းဗဟိုဘဏ်သည် ယခုနှစ်အတွက် ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှု ကို ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းအကြား ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။ 

မည်သို့ပင်ဆိုစေ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat) နှင့် ၎င်း၏ ပါတီ သည် ဖျက်သိမ်းခြင်း ခံရမည်ဆိုပါက အန္တရာယ်ရှိသည့် သက်ရောက်မှုများကို ဖြစ်စေနိုင်သည်ဟု ထိုင်းကုန်သည် ကြီးများအသင်းမှ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သာနာဝပ် ဖိုလ်ဗီချိုင်း (Thanawat Pholvichai) က ပြော သည်။ 

Source: Thai PBS World