CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်၍ နွေစပါးနှင့် မိုးစပါး စိုက်ပျိုးစရိတ်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေဘဏ်ထံမှ ချေးယူထားသည့် ချေးငွေများကို ပြန်လည်ဆပ်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် တောင်းခံမှုများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်အထိ တောင်သူများသည် စပါးအထွက်နှုန်း နည်းပါးခြင်းနှင့် စပါးများ ဈေးကောင်းမရခဲ့ခြင်းကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး စိုက်ဘဏ်ချေးငွေများကိုလည်း ပေးဆပ်နိုင်ခဲ့ခြင်း မရှိခဲ့ ကြောင်း၊ ထို့ကြောင့် အတိုးနှင့်အရင်းအပြင် ရက်လွန်ကြေးအနေဖြင့် ဒဏ်အတိုးများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စိုက်ဘဏ်အနေဖြင့် တောင်သူများကို ဒဏ်တိုး ၁ ကျပ်နှုန်းကို လျှော့ပေါ့ပေးပြီး သာမန်အတိုးနှင့် အရင်းကို အရစ်ကျဖြင့် ပြန်လည်ပေးဆပ်မည်ဆိုပါက တောင်သူများ အကြွေးဆပ်ရန် အဆင်ပြေနိုင်သည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“လယ်သမားလည်း မနှစ်ကမှစပြီး ထူထောင်တာဆိုတော့ အရစ်ကျနဲ့သွားပြီးတော့ နောက်ဆုံး အတိုး ၅ မူးကတော့ ယူပေါ့ အရင်းရယ်၊ အတိုးရယ်။ ဒဏ်တိုးကိုတော့ အစိုးရဘက်ကနေပြီးတော့ ပြန်ပြီးတော့ ငဲ့ညှာတဲ့အနေနဲ့ လျှော်ပေးသင့်တယ်။ ဒဏ်အတိုးကို ကြာပြီ လျှော်စေချင်တာ။ ဒဏ်တိုး မယူဘဲနဲ့ အရင်းကို သွင်း၊ ၅ မူး အတိုးနဲ့ဆိုရင် မြန်မြန် ကျေနိုင်တယ်ပေါ့။ အဲဒီလို လုပ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ အမြန်ဆုံး ကျေမှာပဲ။ သူတို့သတ်မှတ်တဲ့ကာလမှာ မဆပ်ရင် နောက်က ဒဏ်တိုးဆိုတာ ၁ ကျပ်၊ ဟိုက ပြား ၅၀ ဆိုတော့ ၁ ကျပ်ခွဲ ဖြစ်သွားတယ်။ ဒဏ်တိုးလေးကို လျှော့ပေးပြီးတော့ အတိုးနဲ့ အရင်းနဲ့ကို ၁ နှစ်ကို ဘယ်လောက်ဆပ်ဆိုရင် ၃ နှစ်လောက်၊ ၄ နှစ်လောက်၊ ၅ နှစ်လောက်ဆို ကျေသွားလောက်တယ်။ အရစ်ကျနဲ့ပေါ့ ဒဏ်အတိုးကိုတော့ လျှော်ပေါ့။ ပြား ၅၀ အတိုးနဲ့ အရင်းနဲ့ကို ၁ နှစ်ကို သိန်း ၄၀ ရှိတဲ့လူက ၁ နှစ်ကို ၁၀ သိန်းလောက်ဆပ်ရင် ၄ နှစ်ဆို ကျေတာပေါ့။ အဲဒီလိုနဲ့ဆို လယ်သမားလည်း ဘဝမပျက်ဘူးပေါ့။ အခုလို မတရားကြီး ဇွတ်တောင်းရင် လယ်ပေါင် ပေါင်ရင်လည်း အတိုးနဲ့ ဆုံးမှာပဲလေ။ ဒီကအတိုးက အနိမ့်ဆုံး ၅ ကျပ်၊ ၁၀ ရှိမှာ” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်းနှင့် ဘိုကလေးမြို့နယ် တို့တွင် စိုက်ဘဏ်ကြွေးကျန်များ ကျန်ရှိသည့် လယ်သမား အမြောက်အများ ရှိကြောင်း သိရသည်။

နွေစပါးတွင် လယ် ၁၀ ဧကအတွက် ၁၀ သိန်းကျပ်နှင့် မိုးစပါးအတွက် ၁၀ သိန်းကျပ် စုစုပေါင်း တစ်နှစ်လျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းအနေဖြင့် ပြား ၅၀ နှုန်းထားဖြစ်ကြောင်း သိရသည်။

ကောက်စိုက်သမားများကို တွေ့ရစဉ်

ချေးငွေများကို ၆ လတစ်ကြိမ် ဆပ်ကြရမည်ဖြစ်ပြီး ရက်ကျော်လွန်မည်ဆိုပါက ဒဏ်အတိုးအနေဖြင့် ၁ ကျပ်နှုန်း ကို သတ်မှတ်ပြီး စုစုပေါင်း ၁ ကျပ်ခွဲနှုန်းဖြင့် အတိုးဖြစ်သွားခြင်းကြောင့် တောင်သူများအနေဖြင့် အခက်အခဲ ဖြစ်ကြရသည်ဟု ပြောသည်။

ဒါ့အပြင် ပြီးခဲ့သည့် မိုးစပါးစိုက်ပျိုးချိန်တွင် ဓါတ်မြေဩဇာဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်နေခြင်းနှင့် စပါး အပင်ဖျက်ဆီးသည့် ရွှေခရုများ ကျရောက်ခဲ့ခြင်းကြောင့် စပါးအထွက်နှုန်းများ လျော့ကျခဲ့ကြောင်း သိရသည်။

လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က “အထွက်နှုန်းကတော့ မနှစ်က မိုးစပါးတုန်းက အထွက်နှုန်း မကောင်းဘူး။ ဘာလို့လဲဆိုတော့လေ သွင်းအားစု လိုအပ်မှုကြောင့် အဲဒီတုန်းက စပါးဈေးက မတက် သေးဘူး။ 

အစာဈေးက တက်နေတာလေ။ သူတို့ အကြွေးဆပ်မယ်ဆိုရင် ဒါလေးလျှော့ပေးလိုက်ရင်တော့ ပြေတာ ပေါ့။ နည်းနည်း ထွက်ပေါက်လေးတစ်ခုတော့ ရမှာပေါ့။ ဘဏ်တိုးရော၊ ဒဏ်တိုးရော၊ မူလကြွေးရင်းရောဆိုတော့ သူတို့ တော်ရုံတန်ရုံ မဆပ်ဖြစ်တော့ဘူး။ တကယ်လို့ ဒဏ်တိုးကို ဖြေလျှော့ပေးပြီးတော့ ရိုးရိုးဒဏ်တိုးနဲ့ပဲ တွက်ပြီး တော့ ယူမယ်ဆိုရင်တော့ သင့်ပါတယ်လို့” ဟု ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လက်ရှိ ကြွေးကျန်များကို တောင်းယူနေခြင်းနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ပေးဆပ်ရမည်ကို ထုတ်ပြန်ပြောဆိုထားခြင်း မရှိသော်လည်း တချို့သော ကျေးရွာအုပ်ချုပ်ရေးမှူးများက အရေး ယူမည်ဟု လိုက်လံကြေညာနေမှုများကြောင့် တောင်သူများသည် လယ်ယာများကို ပေါင်နှံ၍ အကြွေးဆပ်နေရ မှုများလည်း ရှိကြောင်း သိရသည်။