CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃

လယ်ယာလုပ်ငန်းသုံး ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီစသည့် စက်ကိရိယာများ ဝယ်ယူရန်အတွက် တောင်သူတစ်ဦးလျှင် ကျပ်သိန်း ၇၀၀ အထိကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ၃ နှစ်မှ ၅ နှစ်အထိ ပြန်ဆပ်ရမည့် ပုံစံဖြင့် ထုတ်ချေးပေးသွားမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

လယ်ယာသုံး စက်ကိရိယာများကို ဝယ်ယူရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ထားသည့် အရောင်းဆိုင်များနှင့် ကုမ္ပဏီများတွင် ဝယ်ယူမှသာ ချေးငွေထုတ်ချေးပေးသည့်စနစ် ဖြစ်သည့်အတွက် တောင်သူများ စိတ်တိုင်းကျ ရွေးချယ်ခွင့်မရှိ ဖြစ်နေသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီစနစ်က တောင်သူကို ငွေချေးတယ်ဆိုသော်လည်းပဲ တောင်သူစိတ်တိုင်းကျ ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဥပမာ အပြင်မှာ ကုမ္ပဏီတွေ မျိုးစုံ ရှိတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစား၊ ကိုယ်ကြိုက်တဲ့ဈေး၊ ကိုယ့်လက်ထဲမှာ ပိုက်ဆံနဲ့ဆို စိတ်ကြိုက် ဆစ်ဝယ်လို့ ရတာပေါ့။ အခုကျတော့ မဟုတ်ဘူးလေ။ ကိုယ်က သူတို့နဲ့ ချိတ်ဆက်ထားတဲ့ စိုက်ပျိုးရေးဘဏ်က အသိအမှတ် ပြုထားတဲ့ စက်ကုမ္ပဏီတွေမှာ ဝယ်မှပဲ Installment ရတယ်။ Installment က လည်း အကုန်လုံး ပေးတာ မဟုတ်ဘူး။ တောင်သူ ၃၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း တောင်သူငွေ သွင်းရမယ်” ဟု ပြောသည်။

လယ်ယာသုံးစက်ကိရိယာကိုတွေ့ရစဉ်

ချေးငွေရယူလိုသည့် တောင်သူများ အနေဖြင့် နီးစပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များနှင့် ဆက်သွယ်၍ ချေးငွေလျှောက်ထား ရယူနိုင်ကြောင်း၊ ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက် ချေးငွေများ အတွက် ၃ နှစ် အရစ်ကျနှင့် ယင်းစက်ကိရိယာများမှအပ ကျန်စက်ကိရိယာများအတွက် ၅ နှစ် အရစ်ကျ ပေးဆပ် နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယခုလို လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန်အတွက် ချေးငွေ ထုတ်ချေးပေးခြင်းသည် တောင်သူများ အတွက် အကျိုးရှိသည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီလိုမျိုးလေး ထုတ်ချေးပေးတယ်ဆိုတော့ လယ်သမားတွေအတွက် အကျိုးရှိတာပေါ့။ သဘောလည်း ကျတယ်။ ဘာကြောင့်လဲဆိုတော့ တစ်လုံးတခဲလည်း မဝယ်နိုင်တော့ အရစ်ကျလေးနဲ့ဆိုတော့ တကယ်လို့ ၃ နှစ် မှအကြေ၊ ၅ နှစ်မှအကြေဆိုရင် သူတို့မှာ စက်ပိုင်လေး ဖြစ်သွားတော့ နောက်ပိုင်းကျတော့ လုံးလုံးခဲခဲ မပေးရဘူး။ ငွေအမောက်လေး နည်းနည်းနဲ့ သွားတဲ့အခါကျတော့ လယ်ယာသုံး စက်ပစ္စည်း ပြည့်စုံမှ လယ်ယာလည်း လုပ်လို့ အဆင်ပြေတာလေ။ အခု လယ် ၅ ဧက ရှိတယ်။ လယ်ထွန်စက် မရှိဘူးဆိုရင် ၅ ထောင်၊ ၆ ထောင်နဲ့ ငှားငှား မောင်းရတာလေ။ ကုန်ကျစရိတ် ပိုရှိတာပေါ့။ အဲဒီအတွက် အထူးပဲ ဝမ်းသာပါတယ် အဲဒီလို လုပ်ပေးတာ” ဟု ပြောသည်။

လယ်ယာသုံးစက်ကိရိယာကိုတွေ့ရစဉ်

ထို့နောက် လက်ရှိတွင် ချေးငွေ ထုတ်ချေးပေးမှုသည် စပါးစိုက် တောင်သူများအတွက် ဖြစ်နေကြောင်း၊ ပဲမျိုးစုံ၊ ကြက်သွန် စသည့် ယာလုပ်ငန်းနှင့် ကိုင်းလုပ်ငန်းများအတွက်လည်း ယင်းကဲ့သို့ ချေးငွေများ ထုတ်ချေးပေးရန် လိုအပ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲနှင့် ကြက်သွန်စိုက်တောင်သူ ကိုဝင်းဇော်ဟိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ယာသမား၊ ကိုင်းသမားတွေလည်း ပေးသင့်တာပေါ့။ ဆန်တစ်ခုတည်းနဲ့ စားရေးသောက်ရေး အဆင်ပြေ တာမှ မဟုတ်တာ။ ယာသမားဆိုတော့လည်း ဆီထွက်သီးနှံ၊ ပဲတီစိမ်းဆိုတာ နိုင်ငံခြားပို့တယ်၊ နှမ်းဆိုလည်း နိုင်ငံ ခြား ပို့တာပေါ့။ နောက် အစ်ကိုတို့ ဒီမှာ ကိုင်းသမားတွေ ရှိတယ်။ ကိုင်းသမားတွေ ဆိုတော့လည်း သူက ဆောင်းသီးနှံ စိုက်ပြီဆိုရင် အာလူး၊ ကြက်သွန် ကုန်အစုံပေါ့၊ ငရုတ် ဒါတွေဆိုလည်း ပြည်တွင်းလည်း စားတာပဲ၊ နိုင်ငံခြားလည်း ပို့တာပဲ။ နောက်တကျော့ ဆောင်းသီးနှံ ပြီးပြီဆိုရင် လယ်စိုက်တယ်ဆိုရင် ပဲတီစိမ်း၊ နှမ်းပေါ့၊ ပြောင်း အနည်းအကျဉ်းပေါ့။ ပေးသင့်တာပေါ့ သူ့ဟာနဲ့သူ စာရင်းအတိအကျနဲ့ပေါ့” ဟု ပြောသည်။

ချေးငွေ ထုတ်ချေးရာတွင် တောင်သူများ ပိုင်ဆိုင်သည့် လယ်ဧက ပမာဏအလိုက် ချေးငွေရရှိသည့် နှုန်းထားများ ကွာခြားသွားမည် ဖြစ်ကြောင်း၊ လယ်ဧက ၅ ဧကမှ ၁၀ ဧကအထိ ပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ချေးငွေ ရရှိမှုသည် နည်းပါးနိုင်သည်ဟု တောင်သူလယ်သမားများထံမှ သိရသည်။