CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅

ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲပြီးနောက် အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေသည့် လက်ရှိကာလတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားနေမှုအပေါ် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် စိုးရိမ်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အဓိကအနိုင်ရရှိသည့် Move Forward ပါတီခေါင်းဆောင် ပီတာနှင့်ပတ်သက်၍ တိုင်ကြားမှုများနှင့် အတိုက်အခံပါတီကြီးနှစ်ခုဖြစ်သည့် Move Forward ပါတီနှင့် ဖြူးထိုင်းပါတီတို့အကြား သဘောထားကွဲလွဲမှု ပိုမို ကြီးမားလာခြင်းတို့ကြောင့် အခြေခံစားသောက်ကုန်နှုန်းထားများအပေါ် စိုးရိမ်စရာဖြစ်ကြောင်း FED မှ အလုပ် သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဒီထွက်ကုန်၊ သွင်းကုန်တွေနဲ့ ဝင်တဲ့ကိစ္စ၊ အခွန်နဲ့ပတ်သက်တဲ့ကိစ္စတွေ တချို့ဟာတွေမှာတော့ ရိုက်ခတ်မှု တွေက စပြီးတော့ ရှိလာတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်အားခနဲ့ပတ်သက်တဲ့ မူဝါဒတွေက အစိုးရ အသစ်ဖွဲ့မယ့် ပါတီအဖွဲ့အစည်း သူတို့တွေအနေနဲ့က ပါတီဆောင်ပုဒ်တွေအရ ကြွေးကြော်လာတာတွေ ရှိတဲ့အခါ ကျတော့ စက်မှုလုပ်ငန်းရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ငါးဖမ်းလုပ်ငန်းရှင် အဲဒါတွေရှိကြတဲ့အတွက် သူတို့တွေက စိုးရိမ်တာပေါ့။ သို့သော် တကယ့်အောက်ခြေမှာ အခြေခံစားကုန်သောက်ကုန်တို့ပေါ့။ ဥပမာ ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ မားမား အစရှိတဲ့ အဲဒီဟာတွေက အပြောင်းအလဲကြီးက မဖြစ်သေးတဲ့အခါကျတော့ အလုပ်သမား တွေအနေနဲ့ကတော့ ဒီဟာကို အလေးထားမိမှာမဟုတ်ဘူး။ နိုင်ငံရေးကို စိတ်ဝင်စားပြီး လိုက်နေတဲ့ လူတွေက လွဲလို့ ကျန်တဲ့လူတွေကကြတော့ ဒီလောက်အလေးမထားဘူးလေ။ ဈေးထဲမှာရှိတဲ့ ခုနကပြောတဲ့ အသားငါး၊ အသီးအနှံ အဲဒီအခြေခံဈေးတက်ပြီဆိုရင်တော့ ရိုက်ခတ်မှုတွေရှိပြီ။ အဲဒီကျရင်တော့ အားလုံးက အော်ကြမယ့် သဘောရှိပါတယ်။ အခုတော့ အားလုံးကလည်း စောင့်ကြည့်နေကြတာ အစိုးရကလည်း မဖွဲ့နိုင်သေး။ သူ့မှာလည်း အခက်အခဲတွေ ရှိနေတော့လေ” ဟု ၎င်းက ပြောသည်။

ပါတီခေါင်းဆောင်များ

လွှတ်တော်ဥက္ကဋ္ဌသစ် ရာထူးနှင့်ပတ်သက်၍ Move Forward ပါတီနှင့် ဖြူးထိုင်းပါတီတို့အကြား သဘောထား ကွဲလွဲမှု ကြီးမာလာခြင်းနှင့်အတူ ဖြူးထိုင်းပါတီအနေဖြင့် Move Forward ပါတီ၏ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး လုပ်ငန်းစဉ်မှ နုတ်ထွက်စေလိုပြီး ဆက်မပူးပေါင်းရန် ဖြူးထိုင်းပါတီထောက်ခံသူများက တောင်းဆိုနေကြသည်။

လက်ရှိတွင် Move Forward ပါတီခေါင်းဆောင် ပီတာနှင့်ပတ်သက်၍ တိုက်ကြားချက်များသည် ဝန်ကြီးချုပ် ဖြစ်ရန် အရည်အချင်း ပြည့်/မပြည့်ဆိုသည်နှင့် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအား ဖျက်သိမ်းသင့်/ မသင့် ဆိုသည်ကို ဆုံးဖြတ်ပေးသွားလိမ့်မည်ဟု အိမ်စောင့်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဝစ်ဆနူ ကရီရာဂမ်က ပြောကြားထားသည်။

ထိုသို့ ရွေးကောက်ပွဲအားဖျက်သိမ်းပြီး အသစ်ထပ်မံကျင်းပမည်ဆိုပါက ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာန သို့ ပြောသည်။

“ထိုင်းနိုင်ငံရေးကတော့ ကျနော်တို့ နိုင်ငံခြားသားမည်သူမည်ဝါနဲ့မှ မသက်ဆိုင်ဘူးဆိုပေမယ့် ထိုင်းကိုမှီခိုပြီး လုပ်နေရတဲ့ အလုပ်သမားအပါအဝင် လုပ်ငန်းရှင်တွေလည်း စိတ်ဝင်တစားတော့ ရှိနေကြတယ်။ အားလုံးတော့ ဒီအပေါ်မှာ အခြေခံပြီးတော့ အစိုးရဖွဲ့ဖြစ်ခြင်း၊ မဖြစ်ခြင်းပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ အားလုံး စိုးရိမ်နေ ကြတယ်။ အမှန်တကယ် ရွေးကောက်ပွဲထပ်ပြီးတော့ လုပ်ခဲ့မယ်ဆိုရင်တော့ ထိုင်းနိုင်ငံထဲမှာ စီးပွားရေးက အခု ထက်ပိုမိုကျဆင်းမယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေ ပိုမြင့်တက်လာမယ်။ နောက်တစ်ခုက ထိုင်းပြည်သူတွေဟာလည်း ခေတ်မီတယ်လေ။ ကျနော်တို့နိုင်ငံသားတွေထက်တောင် ပိုပြီးတော့မှ ခေတ်မီတာ ဖြစ်တဲ့အတွက် ထိုင်းထဲမှာလည်း ရှုပ်ထွေးမှုတွေနဲ့ ဆန္ဒပြမှုတွေ၊ ဆူပူသောင်းကျန်းမှုတွေ ပိုဆိုးလာနိုင်တယ်။ ထိုင်းပြည်သူတွေရဲ့ ရွေးကောက်ခံ ခေါင်းဆောင်ဟာ အစိုးရမဖွဲ့ဖြစ်လို့ အာဏာသိမ်းစစ်တပ်ကပဲ ရွေးကောက်ပွဲ ကို ပြန်ပြီးလုပ်စေတာမျိုး၊ ဒါမှမဟုတ် ကြားဖြတ်အစိုးရရဲ့ တရားရုံးဆုံးဖြတ်ချက်အရ ပြန်လည်လုပ်စေတာမျိုး ဆိုရင်တော့ သေချာတယ် အနိုင်ရပါတီက အရင်တုန်းကထက် ပိုပြီးတော့ မဲအပြတ်အသတ် ပိုပြီးတော့မှ နိုင်လိမ့် မယ်လို့ထင်တယ်” ဟု ၎င်းကပြောသည်။

ငါးဖမ်းလုပ်ငန်းခွင်တစ်ခု

ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည်ရှင်သန်အားကောင်းလာစေရန်နှင့် စီးပွားရေးကို မောင်းနှင်ရာတွင် နောက် ပြန်ဆုတ်မှု မဖြစ်စေရန် အဆင့်တိုင်းတွင် အရေးကြီးသော ကုန်ထုတ်လုပ်မှုနှင့် လူသားအရင်းအနှီးအပေါ် မှီခိုနေရ ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးကိုပံ့ပိုးရန် လုပ်သားအများအပြားလိုအပ်နေ၍ ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းနိုင်ငံကုန်သွယ်မှု ဘုတ်အဖွဲ့တို့မှ အလုပ်သမားဝန်ကြီးဌာနနှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက် နေကြောင်း လည်း သိရသည်။