CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံသည် အမည်မဲစာရင်းသွင်းခံရမှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအတွက် ခေါင်းပုံဖြတ်ခံရမှုမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း အိမ်နီးချင်းနိုင်ငံအချို့တွင် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် အမည်မဲစာရင်းသွင်းခံရပြီးနောက်ပိုင်းတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် မလေးရှားသို့ တရားမဝင် ခိုးဝင်သည့် မြန်မာပိုမိုများပြားလာကြောင်းနှင့် ထိုသို့ တရားမဝင် ခိုးဝင်သူများသည် ရေရှည်တွင် ယခုထက်ပိုမို များပြားလာဦးမည်ဖြစ်ကြောင်းလည်း အိမ်နီးချင်းနိုင်ငံအချို့တွင် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သဖြင့် မလေးရှားရှိ တရားမဝင်နှင့် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးသည် ၎င်း အစိုးရ အပြောင်းအလဲပေါ်မူတည်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သို့ ပြောသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

“အခုချိန်မှာ နဂိုကတည်းက ရှိနေပြီးသား Overstay သမားတွေရော နေ့စဉ် ဝင်လာတဲ့အသစ်တွေရောဆိုတော့ အများကြီးကိုမှ အများကြီးပါ။ ကျနော့်ကိုအကူအညီတောင်းခံလာတာလည်း အများကြီးလေ နေ့စဉ်လိုလိုပါပဲ။ အဲဒါကြောင့် တရားမဝင်တွေကတော့ ပိုများလာနိုင်ပါတယ်။ လောလောဆယ် အခြေအနေမှာ အစိုးရမရှိဘူးပေါ့။ ပါလီမန်ကိုလည်း ဖျက်သိမ်းထားတယ်ဆိုတော့ ရွေးကောက်ပွဲအတွက်လေ။ လာမယ့်အစိုးရကျရင် ဘယ်လို ဖြစ်လာမလဲ၊ အသစ်တက်လာမယ့်အစိုးရပေါ့နော် ဘယ်လို မူတွေက ဘယ်လိုလာမယ်ဆိုတာ အဲဒီအပေါ်မှာ ကြည့်ပြီးတော့မှ ဆုံးဖြတ်ရမှာပေါ့။ မြန်မာပြည်မှာလက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ အဆင်ပြေတဲ့ အစိုးရ ရှိသလို အဆင်မပြေတဲ့ အစိုးရ အဲဒီလိုလည်းရှိမှာပေါ့။ ကျနော် လက်ရှိအခြေအနေထိတော့ မြန်မာနိုင်ငံက အလုပ်သမား ခေါ်ယူဖို့အတွက် မလေးရှားအစိုးရနဲ့ မြန်မာအစိုးရက ဆွေးနွေးတိုင်ပင်ညှိနှိုင်းတာမျိုးတွေ ကျနော် မကြားမိသေးဘူး။ အဲဒါကြောင့် အစိုးရအသစ် တက်လာရင် ဒါမျိုးတွေ ရှိလာမယ်ဆိုရင်တော့ တစ်မျိုး တစ်ဖုံ အခြေအနေတွေ ပြောင်းလဲသွားမှာပေါ့နော်” ဟု ၎င်းက ပြောသည်။

ဒါ့အပြင် မလေးရှားအစိုးရ အပြောင်းအလဲတွင် မြန်မာနှင့် အဆင်မပြေသည့် အစိုးရမျိုးတက်လာမည်ဆိုပါက ရွှေ့ပြောင်းလုပ်သားများ နေထိုင်လုပ်ကိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဆိုးကျိုးများရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အမည်မဲစာရင်းသွင်းခံလိုက်ရခြင်းသည် မြန်မာပြည်တွင်းတွင် ရှိသည့် ပြည်သူများကိုသာ ထိခိုက်ခြင်းမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများတွင် လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကိုပါ အကျိုးသက်ရောက်မှုရှိကြောင်း အိမ်နီးချင်းနိုင်ငံအချို့တွင် မြန်မာအလုပ်သမားအရေး ကူညီ ဆောင်ရွက် ပေးနေသူများက CNI သို့ ပြောသည်။

ထိုင်းနိုင်ငံရှိ သားငါးရေထွက်ပစ္စည်းဆိုင်တစ်ခု

ထို့အပြင် ထိုင်းနိုင်ငံ၌ အလုပ်ရှင်များသည် အလုပ်သမားလိုအပ်ချက်ကြောင့် ပွဲစားများဖြင့် ချိတ်ဆက်ကာ တရားမဝင်လမ်းကြောင်းမှ တင်ပို့ခိုင်းခြင်းများ ယခုလက်ရှိတွင် ပြုလုပ်လျက်ရှိပြီး နိုင်ငံအား အမည်မဲစာရင်း သွင်းခံရလိုက်သည့် နောက်တွင် ယင်းသို့ ခေါ်ယူမှုမှာ ပိုများလာနိုင်ကြောင်း ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ တရားမဝင်လုပ်သားခေါ်ယူမှု များပြားလာခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖမ်းဆီးခံရမှုသည်လည်း အလိုအလျောက် များပြားလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လုပ်အားခတွေ ခေါင်းပုံဖြတ်ခံရတာတွေ၊ အကြောင်းမဲ့အလုပ်ဖြုတ်လိုက်တာတွေ ဒါတွေလည်း ရှိနေတယ်။ ဒီနေရာမှာ ကျနော်တို့ ပြောချင်တာက ကျနော်တို့အဖွဲ့အစည်းပဲဖြစ်ဖြစ် အခြားအဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီပွဲစားနဲ့ လုပ်ငန်းရှင်သူဋ္ဌေးကို ဥပဒေအရ အရေးယူလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့်နိုင်ငံသားက သူကိုယ်တိုင်က တရားမဝင် ခိုးဝင်လာတာဖြစ်တဲ့အတွက် ဟိုဘက်ကို ကျနော်တို့ တရားစွဲလိုက်တာနဲ့ ဒီ ခိုးဝင်လာတဲ့ မြန်မာဟာ လည်း ခိုးဝင်မှုနဲ့ သူအဖမ်းခံရမှာ။ ကျနော်တို့နိုင်ငံကို အမည်းမဲစာရင်း သွင်းလိုက်တာနဲ့ တစ်ဆက်တည်းမှာ ဆိုးကျိုးတွေ ဘာဖြစ်လာနိုင်လဲဆိုတော့ မြန်မာနိုင်ငံထဲကမှ အိမ်နီးချင်းနိုင်ငံတွေကို ပိုမိုပြီးတော့မှ ခိုးဝင်မယ့် အခြေအနေကို ရောက်သွားတယ်။ ပိုမိုပြီးတော့ ဆက်ပြီးခိုးဝင်မှာ။ နောင်ကိုလည်း ခိုးဝင်မှာ သေချာတယ်။ ဒါပေမယ့် တစ်ဖက်နိုင်ငံကို ရောက်တဲ့အခါကျရင်လည်း အဖမ်းခံရတာပဲဖြစ်ဖြစ် လူလိမ်ပွဲစားတွေရဲ့ ရောင်းစားခံ ရတာပဲဖြစ်ဖြစ် အခန်းထဲမှာပိတ်လှောင်ထားပြီး မတရားငွေညှစ်တာပဲဖြစ်ဖြစ် ဒါကိုလည်း ကျနော်တို့ ဆက်လက် ပြီး ခံရမှာပဲ”ဟု ကိုသားကြီးက ပြောသည်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ ရသည့် လုပ်ခလစာမှာ ကောင်းမွန် သည်ဟု ဆိုရသော်လည်း မိသားစုထံသို့ ငွေပြန်ပို့ရာတွင် ပြည်တွင်းကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် ယခင်က တစ်လ ၅ သိန်း လွှဲပို့သည်ဆိုပါက လက်ရှိတွင် ၇ သိန်း၊ ၈ သိန်းခန့် လွှဲပို့ကြရကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများတွင် တရားဝင်သာမက တရားမဝင်ဖြင့်ပါ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာ များနှင့် လုပ်ကိုင်လျက်ရှိနေသည့် မြန်မာများ၏ လုပ်ငန်းခွင်အတွင်း အလုပ်သမားအရေးနှင့်ပတ်သက်၍ ၎င်းနိုင်ငံ တွင် ရှိသည့် မြန်မာအဖွဲ့အစည်းများအနေဖြင့် တတ်နိုင်သ၍ ကူညီဆောင်ရွက်ပေးသင့်ကြောင်း အိမ်နီးချင်းနိုင်ငံ အချို့တွင် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။