CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံမှ ပြောင်းဆံများ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရားဝင် တင်ပို့ ရောင်းချခွင့်ကို တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင် အသင်းထံမှ သိရသည်။

တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် တရားဝင် ခွင့်ပြုထားသည့် ပြောင်းကုမ္ပဏီ ၈၀ ကျော်မှတဆင့် တင်ပို့ကြရ မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြောင်းတင်ပို့ရာ၌ ဖမ်းဆီးမှုများကို ကြုံရတော့မည် မဟုတ်တော့ကြောင်း မြန်မာ နိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “GACC ပေါ့နော် တရုတ်ပြည်ကို ဝင်ခွင့်ရဖို့ အကောက်ခွန် အချက်အလက် GACC စစ်ဆေးချက်တွေ တောင်းဆိုတဲ့အခါမှာ ဒီက တင်ပေးလိုက်တဲ့ ကုမ္ပဏီတွေပေါ့နော် ၈၀ ကျော်က ပြန်ကျလာပြီပေါ့နော်။ ဒီအချက် အလက်တွေ အောင်မြင်ပါတယ်။ တရုတ်ပြည်ကို ပြောင်းပို့မယ်ဆိုရင် ပို့လို့ရပြီပေါ့နော်။ ပို့လို့ရပြီဆိုတာ ဒီဘက်မှာ ရှိတဲ့ ကုမ္ပဏီရယ်၊ ဟိုဘက်မှာရှိတဲ့ တရုတ်ကုမ္ပဏီရယ် ချိတ်ဆက်ပြီးတော့ ပို့လို့ရပြီဆိုတဲ့အကြောင်း ခွင့်ပြုလိုက် တာပေါ့နော်။ အရင်တုန်းကကျတော့ တရားဝင် မဟုတ်ဘူး။ သို့သော် သူ့ဟာနဲ့သူ အဆင်ပြေသလို သွားကြတာ ပေါ့။ ဒါကတော့ တကယ့်ကို တရုတ်ပြည်နဲ့ တရားဝင် ရောင်းချခွင့် ပြုတာပေါ့။ ဟိုတုန်းက မြန်မာဘက်ခြမ်းက ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ကုန်တွေက တရားဝင် သွားကြတာပေါ့နော် မူဆယ်အထိက။ ပြဿနာမရှိဘူး သွားတယ်။ ဒါပေမယ့် ရောင်းလိုက်ပြီးတဲ့အခါမှာ တရုတ်ဘက်ခြမ်းက ဖမ်းချင်တဲ့အခါ ဖမ်းတယ်။ မဖမ်းချင်တဲ့အခါ မဖမ်းဘူး။ ဒီလိုမျိုးတွေ ရှိတယ်။ အခုကတော့ ဟိုဘက်ကုမ္ပဏီနဲ့ ဒီဘက်ကုမ္ပဏီနဲ့ နှစ်ခုလုံးချိတ်ပြီး ဝယ်တဲ့အတွက် ကြောင့် အဲဒီပြဿနာ မရှိတော့ဘူးပေါ့နော်” ဟု ပြောသည်။

 မြန်မာ့ပြောင်းများကိုတွေ့ရစဉ်(EPA)

မြန်မာ့ပြောင်းဆံများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများသို့ အဓိက တင်ပို့လျက် ရှိသည်။

ယခု တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပို့ခွင့်ရသည့် အတွက် ပြောင်းစိုက်တောင်သူများနှင့် ပြောင်းကုန်သည်များအတွက် ရွေးချယ်ရမည့် လမ်းကြောင်း ပို၍ များပြား လာကြောင်း၊ ထိုသို့ ရွေးချယ်စရာ လမ်းကြောင်းများ ရှိလာခြင်းကြောင့် ဈေးကွက်ယှဉ်ပြိုင်မှု ပိုမို အားကောင်း လာနိုင်ကြောင်း ပြောင်းကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွေးချယ်မှု များသွားတာပေါ့။ အရင်တုန်းက မြဝတီရောင်းမယ်၊ မြဝတီ အပေါက်ကနေ ရောင်းတယ်။ သင်္ဘောလိုင်းကနေပြီးတော့ ရောင်းတာရှိတယ်။ အစာစက်တွေ ရောင်းတာရှိတယ်။ ၃ နေရာပေါ့။ မြဝတီ မပေါ်ခင် မှာတုန်းက တရုတ်ပြည်ကို အများကြီး ပို့ကြတာပဲလေ။ မူဆယ်ကနေတို့၊ ချင်းရွှေဟော်တို့၊ ကန်ပိုက်တီတို့ပေါ့နော်။ အဲလိုတွေ ပို့ကြတာပဲ။ နောက် ၂၀၁၇ - ၁၈ လောက်မှ တရုတ်ပြည်ဘက်က ပိတ်ဆို့ အဲလို မဝယ်တော့ဘူးပေါ့နော်။ နယ်စပ်ကနေ အဲလိုမဝယ်ဘူး ဖြစ်တဲ့အခါကျတော့ မြဝတီပေါ့။ အခုတော့ ၄ နေရာ ဖြစ်သွားတာပေါ့။ ပြောင်း ရောင်းချဖို့ ရွေးချယ်စရာ ၄ ခုဖြစ်သွားတယ်။ Export ပို့တဲ့ သင်္ဘောနဲ့ သွားတာရှိတယ်။ Border လိုင်းဆိုရင် မြဝတီ ရှိမယ်။ တရုတ်ရှိတယ်။ ပြည်တွင်း အစာစက်တွေ ရှိတယ်။ အဲဒါဆိုတော့ ဈေးကွက်အနေနဲ့ကတော့ ယှဉ်ပြိုင်မှု ရှိ လာတဲ့အခါ ပိုကောင်းတာပေါ့ ဒီလိုပဲ ပြောရမှာ” ဟု ပြောသည်။

မြန်မာ့ပြောင်းများကို နေရောင်ပြနေစဉ် (EPA)

ပြောင်းစိုက်တောင်သူများ အပြင် ပြောင်းကုန်သည်များ၊ ပြောင်းကုမ္ပဏီများ အနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းများကို အရည်အသွေး ကောင်းမွန်စေရန်နှင့် ပိုးမွှားကင်းစင်မှုကို အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက တိုက်တွန်းထားသည်။

ပြီးခဲ့သည့်နှစ် ပြောင်းတင်ပို့မှု ရာသီတွင် ပြောင်းဈေးနှုန်း အတက်အကျနှင့် ပြောင်းစိုက်ရာသီ မတိုင်ခင် ပြောင်း ဈေးနှုန်းသည် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်အောက် ရောက်ရှိခဲ့သလို စိုက်ပျိုးသည့် သွင်းအားစုစရိတ် မြင့်တက် ခြင်းကြောင့် ယခုနှစ် ပြောင်းစိုက်ဧကသည် လျော့ကျလျက်ရှိသည်ဟု ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

ထို့ကြောင့် ယခုနှစ် ပြောင်းတင်ပို့မှုတွင် ပြောင်းဆံများ ပြတ်လပ်မှု ရှိနိုင်ကြောင်း၊ ဈေးကွက်လိုအပ်ချက်နှင့် ပြောင်းထွက်ရှိသည့် ပမာဏပေါ် မူတည်၍ ယခုနှစ် ပြောင်းဈေးနှုန်းများသည် ဈေးကောင်း ရရှိနိုင်ကြောင်း ပြောင်းကုန်သည်များနှင့် တောင်သူများက ခန့်မှန်းထားကြသည်။