CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

တရုတ်နိုင်ငံသို့ ဘိန်းအစားထိုးအဖြစ် တင်ပို့နေသည့် ပြောင်းဆံများကို ၁၂ လပိုင်းအထိသာ တင်ပို့ခွင့်ပြုသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တရုတ်နိုင်ငံ အကောက်ခွန်ဌာနမှ တရားဝင်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများမှတဆင့် ဆက်လက် တင်ပို့၍ ရနိုင်သေးကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

ဘိန်းအစားထိုး တင်ပို့နေသည့် ပြောင်းဆံများကို သတ်မှတ်ထားသည့် တန်ချိန် ပြည့်သွားသည့်အခါတွင် တခြားသောလမ်းကြောင်းဖြင့် တင်ပို့၍ ရနိုင်ခြင်းကြောင့် ဈေးနှုန်းအပြောင်းအလဲနှင့် သက်ရောက်မှုများစွာ မရှိနိုင်ကြောင်း၊ ပုံမှန်အတိုင်းသာ တင်ပို့မှုများရှိနေမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဘိန်းအစားထိုးအနေနဲ့ဆိုရင်တော့ မယူတော့ဘူးပေါ့နော် သူတို့ ကိုတာ ပြည့်သွားရင်ပေါ့နော်။ သို့သော်လည်း GACC ဆိုတာ ရှိတယ်။ GACC ဆိုတာက အရင်လိုပဲ မြန်မာဘက်ကတော့ တရားဝင်ပေါ့နော် တရုတ်ဘက်က တရားမဝင်ဘူး။ အခု GACC ဆိုပြီးတော့ ဟိုဘက်ကုမ္ပဏီ၊ ဒီဘက်ကုမ္ပဏီကို တရုတ်နိုင်ငံရဲ့ အကောက်ခွန်ဌာနရဲ့ ဒီဘက်ကုမ္ပဏီတွေကလည်း သူတို့နိုင်ငံမှာ လိုအပ်တဲ့ ပြောင်းဆံတွေကို သူတို့လိုချင်တဲ့ သတ်မှတ်ချက်တွေနဲ့ စံချိန်စံညွှန်းနဲ့ညီတယ်၊ ဒီကုမ္ပဏီတွေက ပြောင်းဆံတွေကို တရုတ်ပြည်ထဲကို တင်သွင်းခွင့်ပြုပြီဆိုတဲ့ လက်မှတ်ရထားပြီးသား ကုမ္ပဏီတွေ ရှိတယ်။ ဒီဘက်က ကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ချိတ်ဆက် ထားပြီးသား ရှိတယ်။ အဲတော့ အဲဒီဟာကလည်း သူ့ဟာနဲ့သူ ဈေးတန်းတစ်ခုပေါ့နော် ကိုက်ညီမှုတစ်ခု ရှိတယ်ဆိုရင်လည်း ဆက်ရောင်းနေကြအုံးမှာပဲ တရုတ်ပြည်ကလည်း။ တရုတ်ပြည်နဲ့ကတော့ သူ့ဟာနဲ့သူ ပုံမှန်အရတော့ သွားလိမ့်မယ်။ သူတို့ ကျန်းမာရေးအရသော်လည်းကောင်း၊ တခြားမျှော်မှန်းမထားတဲ့ ကိစ္စသော်လည်းကောင်း ဖြစ်ရင်တော့ မပြောတတ်ဘူးပေါ့နော်” ဟု ပြောသည်။

ဘိန်းပင်စိုက်ပျိုးရေးတစ်ခု

ဘိန်းအစားထိုးအနေဖြင့် မြန်မာ - တရုတ် နယ်စပ်တစ်လျှောက်ရှိဒေသများမှ စိုက်ပျိုးထားသည့် ပြောင်းများကို တရုတ်နိုင်ငံမှ နှစ်စဉ်တန်ချိန်သတ်မှတ်၍ ဝယ်ယူနေခြင်းဖြစ်သည်။

ယခင်နှစ်များတွင် မည်သည့်အချိန်ကာလအထိသာ ဝယ်ယူမည်ဟု ပြောဆိုခြင်း မရှိသော်လည်း ယခုနှစ်တွင်သာ ၁၂ လပိုင်းအထိသာ ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ပြောင်းကုန်သည် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဘိန်းအစားထိုး ကိုတာဆိုတာက သူတို့ ကိုတာတွေကို တန်ဘယ်လောက်ဆိုတာ ပေးထားတာရှိတယ်။ ဒီဘက် မှာလည်း ဒီဘက်ကုမ္ပဏီရှိတယ်။ ဟိုဘက်မှာလည်း ဟိုဘက်ကုမ္ပဏီ ရှိတယ်။ သူတို့ တန်ပြည့်အောင်တော့ သွင်းကောင်း သွင်းလိမ့်မယ်။ ကုမ္ပဏီ ၃၊ ၄၊ ၅ ခုနဲ့တော့ တန်တော့များတယ်။ သူတို့တောင်းထားတဲ့ တန်အရတော့ တန်ချိန် သိရသလောက်တော့ တန် ၃ သောင်းဝန်းကျင်လောက်တော့ သွားမလားမသိဘူး။ ဟိုးအရင်ကတော့ ဘယ်လမှာ ဘယ်လိုပိတ်သွားတယ်လို့တော့ မကြားမိဘူး။ ထူးထူးခြားခြားတော့ ဒီနှစ်ထဲမှာတော့ ကုမ္ပဏီတစ်ခု ကနေပြီးတော့ တင်လိုက်တာပေါ့လေ ဒီသတင်းမြစ်တစ်ခုတော့ အဲလိုမျိုးလေးတွေတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

ဘိန်းအစားထိုးသီးနှံအဖြစ် ပြောင်းဆံများကို ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့လျက်ရှိနေပြီး တင်ပို့ရာတွင် သာမန်တင်ပို့သည့် ပြောင်းဆံများထက် အခွန်ပေးဆောင်သည့် နှုန်းထားသက်သာကြောင်း၊ စစ်ဆေးမှုများ နည်းပါးကြောင်း သိရသည်။