CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ရောင်းချပေးသည့် ဆီဆိုင်တွင် တန်းစီ ဝယ်ယူနေရသည်ဟု တမူးမြို့ဒေသခံများထံမှ သိရသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တမူးမြို့သို့ စက်သုံးဆီများ ရောက်ရှိနိုင်ခြင်း မရှိဘဲ ပြတ်လပ်နေသည် မှာ ၁၀ ရက်ဝန်းကျင်ရှိပြီဖြစ်ကြောင်း တမူးဒေသခံ ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

“ဆီက လောလောဆယ် ဝယ်လို့ ခက်တယ် ဝယ်လို့မရဘူးပေါ့နော်။ ပြတ်နေတယ် ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ရှိတယ် အဲဒီဆိုင်မှာ တန်းစီပြီး တိုးရတာပေါ့။ အဲလိုအနေအထားပေါ့။ ဆိုင်တွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့ဆိုင်ပဲ ဆီကားက လောလောဆယ် သူတို့ဆီမှာပဲ ရှိသွားတဲ့သဘောပေါ့နော် ဆီရောက်သွားတဲ့သဘောပေါ့။ ကျန်တဲ့နေရာတွေမှာ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဖြစ်နေတာပေါ့။ ၁ ပတ်၊ ၁၀ ရက် ကျော်လောက် ရှိပြီပေါ့၊ တမူးမှာ လောလောဆယ် ဆီဝယ်လို့မရတာ” ဟု ၎င်းကပြောသည်။

တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီဝယ်ယူနေကြစဉ်(ပုံဟောင်း)

စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိနေပြီး ယခင်က အောက်တိန်း ၉၂ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၂၀၀၀၀ ကျော်ဖြစ်ပေါ်နေသည်ဟု တမူးဒေသခံ ကိုခန့်သူက CNI သို့ ပြောသည်။

“အရင်တုန်းကတော့ ကျနော်တို့ စက်သုံးဆီ ဝယ်ရတာက ၁ ဂါလံဆိုလို့ရှိရင် ၄၅၀၀ ပဲရှိတယ်ပေါ့နော်။ အခုဆိုရင် ၁ ဂါလံကို ၂၂၅၀၀ ဖြစ်သွားပြီ၊ ၉၂ တစ်ဂါလံဆိုလို့ရှိရင် အဲလို ဖြစ်သွားပြီပေါ့နော်။ နောက်တစ်ခုက ၉၅ ဆိုရင်တော့ အရင်တုန်းက ဝယ်ရတာက ၅၀၀၀ လောက် ဝယ်ရတာပေါ့နော်။ အခုဆိုရင် ၂၇၀၀၀ လောက် ဖြစ်သွားပြီ၊ ဈေးနှုန်းက” ဟု ၎င်းက ပြောသည်။

တမူးမြို့သည် အိန္ဒိယ - မြန်မာ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယအစိုးရက လက်ရှိတွင် ပိတ်ထားကြောင်း သိရသည်။

စက်သုံးဆီပြတ်လပ်နေခြင်းကြောင့် ဒေသခံများသည် သွားရေးလာရေးတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ဒါ့အပြင် ကုန်ဈေးနှုန်းများမြင့်တက်နေပြီး ကုန်ပစ္စည်းများလည်းပြတ်လပ်နေသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့အဝင်ဆိုင်းဘုတ်

“ကုန်ဈေးနှုန်းတွေကလည်း တက်တာတော့ တက်တယ်။ ဈေးနှုန်းတွေကလည်း ကြက်ဥတို့ ဘာတို့ဆိုလို့ရှိရင် ဝယ်လို့မရတာတို့၊ ဘာတို့ပေါ့။ ဈေးပဲရှိတယ် ပစ္စည်းပြတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ တချို့ပစ္စည်းတွေက ကျနော်တို့ဒေသမှာ မရှိတဲ့ပစ္စည်းတွေ၊ တခြား အနယ်နယ်အရပ်ရပ်ကနေ တမူးကို လာရတဲ့ ပစ္စည်းတွေကျတော့ ခက်ခဲသွားတာပေါ့။ ကိုယ့်ဒေသကထွက်တဲ့ပစ္စည်းတွေ ပြဿနာမတက်ပေမယ့် ကျန်တဲ့နယ်ကနေ သွင်းရတဲ့ ပစ္စည်းတွေကျတော့ အခက်အခဲ ဖြစ်နေတာပေါ့ အဲလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေး - တမူးလမ်းမကြီးကို ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေများကြောင့် နိုဝင်ဘာ ၁၂ ရက်မှစတင်ပြီး အသုံးမပြုကြရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် နောက်ထပ် ရက်သတ္တပတ် ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။