CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

ကချင်ပြည်နယ်ရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကန်ပိုက်တီတွင် ငှက်ပျော များကို လာမည့် ငှက်ပျောရာသီချိန်တွင် တွဲကားများအစား ကွန်တိန်နာဘောက်တပ်ဆင်ထားသည့် တွဲကား ခများဖြင့်သာ ကုန်သွယ်မှုပြုလုပ်ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ရှိကုန်သည်များနှင့် ကုန်ကားသမားများ ထံမှ သိရသည်။

လက်ရှိတွင် ကွန်တိန်နာဖြင့် ကုန်သွယ်နိုင်ရန်အတွက် တွဲကားများကို ကွန်တိန်နာ တပ်ဆင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးမှ ကုန်ကားပိုင်ရှင်လည်းဖြစ် ငှက်ပျောကုန်သည်လည်း ဖြစ်သည့် ဦးဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“အခုနှစ်ကတော့ ကွန်တိန်နာဖြစ်မှာ။ အကုန်လုံး lock ဖုတွေတော့ ဖောက်ခိုင်းထားတာပဲ။ ကားတွေ အကုန်လုံးက lock ဖုတွေပြန်ဖောက်၊ body တွေ ပြန်ချွတ်ချပြီးမှ ၁၁ လပိုင်းကုန်လောက်မှပဲ သူတို့ စတိုက်မယ်ထင်တယ်။ ကျနော်တို့အနေနဲ့ကတော့ ပိုကောင်းတာပေါ့။ ကားအပျက်အစီးကတော့ မရှိတော့ ဘူးပေါ့နော်။ ကားအပျက်အစီး နည်းသွားမယ်။ တရုတ်ထဲ မဝင်ရဘူးဆိုရင် ကန်ပိုက်တီမှာပဲ သူတို့ အဲမှာတင် တစ်ခါတည်းချ ဘောက်ချပြီးရင် သူတို့ ခေါက်တိုကားနဲ့ ဆွဲသွင်းမှာလေ တရုတ်ကားနဲ့။ တရုတ်ထဲ မဝင်ရရင် တော့ ကားအတွက်က တစ်ခုကောင်းသွားတာကတော့ ကားမှောက်၊ ကားတိုက်၊ အပျက်အစီးကတော့ နည်းသွားမှာပေါ့နော်။ သူပြောထားတာကတော့ ငှက်ပျောပဲ။ ဒါပေမယ့် ခြင်းနဲ့ပဲဖြစ်မယ်ထင်တယ် ကွန်တိန်နာ မဟုတ်လောက်ဘူး ဖရဲတို့ဘာတို့ ကျန်တဲ့အပိုင်းတွေကတော့လေ” ဟု ၎င်းက ပြောသည်။

ငှက်ပျောတစ်မျိုးတည်းကိုသာ ကွန်တိန်နာဘောက် တွဲကားများဖြင့် ပို့ဆောင်မည်ဖြစ်ပြီး ကျန်ရှိသည့် ဒေသထွက်ကုန် ပြောင်း၊ ဆန်၊ ဖရဲ စသည်များကို ပုံမှန်အတိုင်း ကုန်သွယ်၍ ရကြောင်း သိရသည်။

တရုတ်နယ်စပ်ဂိတ်တစ်ခုတွင် ကုန်တင်ကားများကို ကိုဗစ်စည်းကမ်းချက်များ စစ်ဆေးနေစဉ်


ထို့နောက် လက်ရှိတွင် ကွန်တိန်နာဘောက် အသုံးပြုရန်အတွက် ကားအစီးရေ ၇၀၀ ခန့် ပြင်ဆင်ထားပြီး ပြီဖြစ်ကြောင်းနှင့် အစီးရေ ၂၀၀ ခန့်သာ သာမန်တွဲကားအနေဖြင့် ကျန်ရှိတော့သည်ဟု သိရသည်။

ယခုကဲ့သို့ ကွန်တိန်နာဖြင့် ကုန်သွယ်ရာတွင် တစ်လကို ကုန်ကားတစ်စီးလျှင် ၅ ခေါက်နှုန်း ရရှိနိုင်ကြောင်း ငှက်ပျောကုန်သည်များနှင့် လုပ်ငန်းရှင်များက အာမခံ ပြောဆိုထားကြောင်း ငှက်ပျောကုန်စည် ပို့ဆောင်နေ သည့် ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုရှမ်းကြီးက CNI သို့ ပြောသည်။

“မြို့ဝင်မြို့ထွက်လောက်ပါပဲ ကြိုးတွေ ဘာတွေ မီးကြိုးတွေ ဘာတွေ အဲဒါတွေပဲ ဂရုစိုက်ရမှာ။ ကျန်တဲ့ အပိုင်းတွေကတော့ သူ့ပုံမှန်အတိုင်းပါပဲ သိပ်ပြီးတော့ အခက်အခဲ မရှိပါဘူး။ သူတို့ကတော့ ၅ ခေါက်တော့ အာမခံထားတယ် ကွန်တိန်နာကလေ။ တကယ်လို့ ၅ ခေါက်မရရင် ၅ ခေါက်နဲ့ ကိုက်ညီတဲ့ ငွေရေး ကြေး ရေးကို တိုးပေးမယ်လို့ ပြောတယ်။ သူတို့အပြောပေါ့နော် ဒါလက်တွေ့ တင်ကြည့်မှပဲ သိရမှာ။ တစ်လ ဆွဲနှုန်းကို ၅ ခေါက်လို့ သူတို့ပြောထားတာ” ဟု သူက ပြောသည်။

ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သည် ကြီးများအသင်းတို့ အောက်တိုဘာလအတွင်း ညှိုနှိုင်းဆွေးနွေးပွဲတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးတို့အတွက် ကွန်တိန်နာဘောက်များနှင့် ပို့ဆောင်ပေးရန် ညှို့နှိုင်း ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံမှန်တွင် ကုန်ကားမောင်းနှင်သူများအနေဖြင့် ကုန်စည်ပို့ဆောင်ရသည့် အခေါက်ရေသည် တစ်လလျှင် ၅ ခေါက်မှ ၈ ခေါက်အထိ ရှိကြောင်း၊ ပြီးခဲ့သည့် နှစ်တွင် နယ်စပ်ဂိတ် ပိတ်ထားခြင်းနှင့် ကိုဗစ်ကန့်သတ်ချက် များ၊ စစ်ဆေးမှုများ ကြာမြင့်ခြင်းကြောင့် တစ်လလျှင် ၂ ခေါက်မျှသာ ကုန်စည်ပို့ဆောင်ခဲ့ရကြောင်း ကုန်ကား သမားများက ပြောသည်။

လက်ရှိအချိန်တွင် တွဲကားများအစား ကွန်တိန်နာ တပ်ဆင်ရန်အတွက် လုပ်ဆောင်လျက်ရှိပြီး ကုန်ကျစရိတ် အနေဖြင့် တွဲကား တစ်စီးလျှင် မြန်မာငွေ ၁၂ သိန်းမှ ၁၅ သိန်းအထိ ကုန်ကျမှုရှိနေကြောင်း သိရသည်။