CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ငှက်ပျောများကို တင်ဆောင်ရာတွင် လက်ရှိ၌ ငှက်ပျောကား မောင်းနှင်သည့် ကုန်ကားသမားအများစုသည် တရုတ်နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ မရရှိ သေးခြင်းကြောင့် အခက်အခဲ ဖြစ်သွားနိုင်သည်ဟု ကုန်ကားမောင်းနှင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် ယခုအချိန်၌ ကန်ပိုက်တီတွင် ကုန်ကားသမားများအတွက် စာအုပ်အနီကို ထုတ်ပေးနေပြီ ဖြစ်သော်လည်း လက်ရှိတွင် ထုတ်ပေးခြင်း မရှိသေးကြောင်း၊ ပြီးခဲ့သည့်နှစ်၏ စာအုပ်သက်တမ်း ကျန်ရှိနေသူများ သာ တရုတ်နိုင်ငံထဲသို့ မောင်းနှင်ခွင့် ရရှိနေပြီး စာအုပ်မရှိသူများအနေဖြင့် အစားထိုး ယာဉ်မောင်းစနစ်ဖြင့် လုပ်ဆောင်နေရသည်။

လက်ရှိတွင် ငှက်ပျော စတင်ထွက်ရှိသည့် ရာသီဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုသည် အနည်းငယ်သာ ရှိသေးသည့်အတွက် အခက်အခဲ မရှိသေးကြောင်း သိရသည်။

တရုတ်နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီးနဲ့ ငှက်ပျောများကို တွေ့ရစဉ်

ငှက်ပျော လှိုင်လှိုင်ပေါ်ချိန်တွင် ယခုကဲ့သို့ စာအုပ်အနီ မရရှိသေးပါက ကန်ပိုက်တီနယ်စပ်တွင် ကုန်ကားများ စုပုံသွားခြင်းနှင့် ငှက်ပျောများ ပျက်စီးခြင်းများ ဖြစ်သွားမည်ဟု ကုန်ကားမောင်းနှင်သူ ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စာအုပ် မထုတ်ပေးသေးဘူး။ တချို့သူတွေက စာအုပ်မရှိလို့ စောင့်နေရတာတို့၊ သွားမတင်ရဘူးလေ။ စာအုပ်မရှိလို့ ပတ်စပို့ မရှိတာလေ။ တရုတ်ကို ဝင်တဲ့ ငှက်ပျောကားနဲ့ ဝင်တဲ့ဟာတွေဆိုရင် အကုန်လုံး လုပ်ပေး တယ်။ ဘယ်မှတ်ပုံတင်မဆို အကုန်လုပ်ပေးတယ်။ အခုနောက်ပိုင်းက ဘာအခက်အခဲ ရှိနေလဲတော့ မသိဘူး။ မရသေးဘူး၊ အရင်နှစ်ဆိုရင် ရပြီလေ။ အခက်အခဲဖြစ်နေတာက အခုက စာအုပ်မရသေးလို့ တချို့လူတွေက ခေါက်တို့၊ ပေါ့တိုက် ဘာတိုက် အဲဒီလိုပဲ သွားနိုင်တယ်။ စာအုပ်အနီ မရဘူးဆိုတော့ ငှက်ပျော တကယ်ပေါလာတဲ့ အချိန်ကျရင် တအား အခက်အခဲဖြစ်မှာ အခုတောင်မှ စာအုပ်ရှိတဲ့သူကို ငှားပြီး ဝင်ရတာ။ ဒီကနေ သွားတာ စာအုပ်မရှိတဲ့သူများတယ် ဒီနှစ်လာတဲ့အဖွဲ့တွေက။ အခုချိန်တော့ ဘာမှမဖြစ်သေးဘူးပေါ့နော်။ တကယ်လို့ ငှက်ပျော ပေါလာတဲ့အချိန်ကျရင် တအားအခက်အခဲဖြစ်မှာ၊ ကားက ကန်ပိုက်တီဘက် သွားပုံတော့မှာလေ။ အဲဒီလိုမျိုးကျတော့ ငှက်ပျောတွေ ဘာတွေက မှည့်ကုန်မှာလေ။ သူတို့ခြံထဲက လိုသလောက် အခေါက်ရေ မထွက်ရင် အဲဒီလိုမျိုး အခက်အခဲ ဖြစ်သွားမှာ” ဟု ပြောသည်။

တရုတ်နိုင်ငံ ဖြတ်သန်းခွင့်လက်မှတ် စာအုပ်အနီ ရရှိထားသည့် ကုန်ကားသမားများမှာ လက်ရှိတွင် ၃ ပုံ ၁ ပုံ ခန့်သာ ရှိသေးကြောင်း၊ နောက်ထပ် လာရောက်မည့် ကုန်ကားသမား အများစုမှာလည်း စာအုပ် မရှိသေးကြောင်း သိရသည်။

စာအုပ်အနီကို လာမည့် နှစ်ဆန်းပိုင်းတွင် လုပ်ဆောင်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တိကျ သေချာမှု မရှိသေးကြောင်း၊ စာအုပ်အနီကို ငှက်ပျောများ လှိုင်လှိုင်ပေါ်သည့် ဇန်နဝါရီလအမှီ လုပ်ဆောင်ပေးမှသာ အဆင်ပြေနိုင်မည်ဟု ကုန်ကားသမားများက ပြောသည်။

ကုန်ကားများကိုတွေ့ရစဉ်

လက်ရှိတွင် စာအုပ်အနီ မရှိသည့် ကုန်ကားသမားများက အစားထိုးယာဉ်မောင်းစနစ်ဖြင့် လုပ်ဆောင်နေရခြင်း ကြောင့် ယာဉ်မောင်းခသည် ၅၀,၀၀၀ ကျပ်သာ ကျန်ရှိသည်ဟု ကုန်ကားမောင်းနှင်သူ ကိုကုလားလေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှန်တိန်နဲ့ ဝင်ရတယ်ဆိုတော့ နည်းနည်း အခက်အခဲက ဖြစ်ပြန်ရော၊ အဲဒီလို ဖြစ်နေတယ်။ ခံစားခွင့် နည်းသွားတယ်။ ၃ သိန်းဆိုတော့ ၂ သိန်းခွဲလောက် ကုန်သွားပြီလေ။ ၅ သောင်းလောက်ပဲ ကျန်တော့မှာလေ သူ့အတွက်ကျတော့။ ခရီးဝေး မောင်းပြီးမှ ၅ သောင်းလောက် သွားကျန်တော့မှာ။ ဝင်ခဆိုရင် ၂ သိန်းပေါ့နော်၊ ထမင်းဖိုးက ၅ သောင်းဆိုရင် ၂ သိန်းခွဲလေ။ မောင်းတဲ့သူက ၃ သိန်းဆိုရင် ဒီအောက်ကနေ မောင်းတဲ့သူကျတော့ ပိုက်ဆံက မကျန်တော့ဘူး။ သူ့အတွက် မကျန်တော့ဘူး။ ရှန်တိန်ခ ပေးလိုက်ရသလို ဖြစ်နေတယ်။ စာအုပ်အနီ မလုပ်ပေးတာ တော်တော်အခက်အခဲ ရှိတယ်။ ဒါတောင် တခါတလေ မလွယ်ဘူး ရှန်တိန်ရှာရတာ” ဟု ပြော သည်။

လက်ရှိတွင် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် နေ့စဉ် ငှက်ပျောကား အစီးရေ ၃၀၀ ခန့် ဝင်ရောက် လျက်ရှိနေသည်။