CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

ထိုင်းတွင် ဝန်ကြီးချုပ်နေရာ မဲခွဲရွေးချယ်မှုအား အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းသည် မြန်မာ ရွှေ့ ပြောင်း လုပ်သားများအပေါ် ရိုက်ခတ်မှုရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ များက CNI သတင်းဌာနသို့ ပြောသည်။

MFP ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ်အား ဝန်ကြီးချုပ်နေရာအတွက် မဲခွဲဆုံးဖြတ်မှုကို နှစ်ကြိမ် ကျင်းပခဲ့ ပြီးနောက် အရေးနိမ့်ခဲ့ရာ ဇူလိုင် ၂၇ ရက်နေ့တွင် ဝန်ကြီးချုပ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှု ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။ 

သို့သော် အခြေအနေများ ရှုပ်ထွေးလာနေခြင်းကြောင့် ဝန်ကြီးချုပ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မည့် လွှတ်တော် အစည်းအဝေးကို အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ယခုကဲ့သို့ အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းသည် အစိုးရသစ်ဖွဲ့စည်းမှု၌ အချိန်ကြန့်ကြာမှု ပိုမိုဖြစ်စေ သောကြောင့် လက်ရှိ မြန်မာ အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ဇူလိုင်လကုန်အထိ အမည် စာရင်း တင်သွင်းခိုင်းထားခြင်း၏ နောက်ဆက်တွဲအပေါ် သက်ရောက်မှုရှိကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

၎င်းက “သူတို့တွေအနေနဲ့ အစိုးရမဖွဲ့နိုင်သရွေ့ပေါ့ ရွေးကောက်ပွဲ တင်မြှောက်တာ မလုပ်နိုင်သရွေ့ကတော့ ဒီအစိုးရဌာန ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး မူဝါဒတွေချဖို့ရှိတာကို။ ပြီးတော့ သုံးစွဲတဲ့ အသုံးစရိတ်တို့ ဒါတွေ အားလုံး လုပ်ဖို့က ဒီအစိုးရအဖွဲ့ ဖွဲ့ပြီးတော့မှ လုပ်လို့ရမှာ။ ဆိုတော့ အဲဒီဟာ မလုပ်နိုင်ဘူးဆိုရင် အခုနောက်ဆုံး ဆိုရင် ၅ ရက်နေ့က ထုတ်ပြန်ချက်လုပ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား လူသစ်မှတ်ပုံတင်တဲ့ ကိစ္စပေါ့။ အဲဒါဆိုလို့ ရှိရင် ဒီဇူလိုင် ၃၁ ဆို ကုန်ပြီ။ ၃၁ ကုန်ပြီဆိုတာနဲ့ ထုတ်ပြန်ချက်ကို ဩဂုတ်လမှာ cabinet အစည်းအဝေးပြီးတာနဲ့ ထုတ်ပြန်ပါ့မယ်လို့ ပြောတော့ အဲဒီအစည်းအဝေး မဖြစ်ဘူးဆိုရင် ထုတ်ပြန်ချက် မထွက်ရင် ဒီလူတွေနဲ့ ပတ်သက် တဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီး ဆက်ပြီး လုပ်ရမယ့်ဟာတွေက အကုန်လုံး ဘယ်လိုပြောမလဲ ရပ်တန့်၊ ရပ်တာတော့ မဟုတ်ဘူးပေါ့ ဘာဆက်လုပ်ရမလဲ မသိတဲ့ဟာတွေ ဖြစ်ကုန်တာပေါ့။ ဒီအကျိုးဆက်ကတော့ အကုန်လုံးကို ထိမှာ ပဲ” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အထောက်အထား စာရွက်စာတမ်း ပြုလုပ်ရာတွင် မပြီးပြည့်စုံသေးသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား အများအပြား ရှိနေသေးကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများ ထံက သိရသည်။

လက်ရှိ ဖြစ်ပျက်နေသည့် ထိုင်းနိုင်ငံရေး အခင်းအကျင်းသည် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက် စေနိုင်သည့်အတွက် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များက တစ်လအတွင်း အစိုးရဖွဲ့ရန် လွှတ်တော်ကို တိုက်တွန်းခဲ့ ကြောင်းလည်း Thai PBS World မှ ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှုပ်နှံမှု များပြားသည့် နိုင်ငံဖြစ်သောကြောင့် ၎င်းရင်းနှီးမြှုပ်နှံမှုများ ရှိနေသရွေ့ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ဆိုးကျိုးမရှိနိုင်ကြောင်း ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအရေး ကူညီပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

၎င်းက “အဲဒီတော့ ကျနော်တို့ မြန်မာအများစု လက်ရှိသန်းပေါင်းများစွာ အလုပ်လုပ်နေတာက ထိုင်းနိုင်ငံသား တစ်ဦးတစ်ယောက်တည်း ပိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက နည်းတယ်ပေါ့။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေပဲ များ တယ်။ ဒီနေရာမှာ ဒီစက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ကျနော်တို့ မြန်မာတွေအပေါ်ကိုတော့ ဆိုးကျိုးတွေ ဖြစ်လာ နိုင်စရာအကြောင်းမရှိဘူး။ နိုင်ငံရေးပဋိပက္ခ ဖြစ်နေရင်တောင်မှ စီးပွားရေး ထိုးကျတယ်ဆိုရင်တောင်မှ တည်ဆဲ ဥပဒေအရ သတ်မှတ်ထားတဲ့ လုပ်ခလစာကိုတော့ အပြည့်အဝ ပေးရပါလိမ့်မယ်။ နိုင်ငံခြားသား ရွှေ့ ပြောင်း အလုပ်သမားတွေအပေါ်မှာ သတ်မှတ်ထားတဲ့ လုပ်ခလစာထက် လျော့နည်းပြီးတော့ ပေးတဲ့ စက်ရုံ၊ အလုပ်ရုံ ဆိုတာကတော့ အင်မတန်ပဲ နည်းပါတယ်။ မဲဆောက်လို နယ်စပ်မျိုးတွေ လောက်မှာပဲ ရှိတာပါ” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် MOU သက်တမ်း နှစ်ပြည့်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် မည်သည့်ပုံစံ ဆက်လက် လုပ်ဆောင်ရမည်အား မသိရှိကြသည့် အနေအထား ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆက်လက် နေထိုင် အလုပ်လုပ်ခွင့်ရရန်အတွက် လက်ရှိ လူသစ်မှတ်ပုံတင်သွင်းခွင့် ပြုထားသည့် ကာလ၌ မိမိတို့၏ အလုပ်ရှင် သူဌေးအား အကူအညီတောင်းကာ အမည်စာရင်း တင်သွင်းထားသင့်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။