CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃

ထိုင်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) အစိမ်းရောင်စာအုပ်အား ဇူလိုင်လကုန်အထိ ပြန်လုပ်ခွင့်ရကြောင်း ထိုင်းအခြေစိုက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းတွင် CI အစိမ်းရောင်စာအုပ် ပြုလုပ်ခြင်းအား ပြီးခဲ့သည့် မေလခန့်တွင် ရပ်နားသွားခြင်းဖြစ်သော်လည်း ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ၃၁ ရက်နေ့အထိ တစ်လတာ CI စခန်းများ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ နီးစပ် ရာ 7/11 စတိုးဆိုင်များတွင် CI ကြေး ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလုပ်သမားတွေ အတွက်ကတော့ အဲဒီလို မိုဘိုင်းစနစ်နဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ဒီလိုမျိုး စမွတ်ဆာခွန်မှာ ဖွင့်တဲ့ဟာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဖွင့်ပေးတယ်ဆိုရင်တော့ ကျန်ရှိနေတဲ့ သူတွေအတွက်ကတော့ လုပ်လို့ရတာပေါ့။ လုပ်ဖို့ အခွင့်ရေးရတာပေါ့။ နို့မို့ဆိုရင် တစ်ခါစာအုပ်က သက်တမ်း မတိုးနိုင်ဘူးဆိုရင် သူတို့အတွက် ဗီဇာ၊ work permit  အစရှိသဖြင့် အဲဒါတွေက ပြဿနာတက်မှာကိုး။ သို့သော် လည်း ဒီလုပ်တဲ့ဟာက နှစ်ဖက်စလုံးမှာ မူတည်တာ။ နှစ်ဖက်စလုံးမှာ မူတည်တယ်ဆိုတာက ထိုင်းအစိုးရရော၊ ဗမာဘက်အခြမ်းကရော နှစ်ဖက်စလုံးကနေပြီးတော့ လိုအပ်တဲ့ အထောက်အထားနဲ့ ဗီဇာ၊ work permit ဒါတွေ ကို တစ်ကြိမ်တည်း လုပ်ပေးတာဆိုတော့ သူတို့အနေနဲ့ကလည်း အဲဒီနှစ်နိုင်ငံရှိတဲ့ သက်ဆိုင်ရာ အဲဒီဟာတွေကို လုပ်ကိုင်ပေးမယ့် ဝန်ထမ်းတွေ ဘယ်လိုခေါ်မလဲ အဆင်ပြေတဲ့အချိန် အဲဒီလိုဖြစ်အောင်လို့ သူတို့လုပ်ဖို့တော့ လိုတာပေါ့။ ဒီဘက်ကကြတော့ အထူးသဖြင့်ကတော့ အချိန်ကအရမ်းကို နည်းတယ်လေ။ အဲဒီလိုအချိန်နည်းတဲ့ အခါကျတော့ အခုလိုမျိုး နောက်ကျတဲ့ဟာတွေ၊ ပွဲစားစနစ်တွေလည်းပါတယ်၊ ပွဲစားတွေကလည်း လူများမှ လုပ်ပေးတာ၊ အလုပ်သမားတွေအနေနဲ့ သူတို့ဘာသာသူတို့ မလုပ်နိုင်ဘူး။ အဲဒီပွဲစားကို စောင့်ရတာလေ။ အလုပ် သမားဘက်က လိုအပ်တာက ဘာသာစကားအရ သူက နားမလည်တဲ့အခါကျတော့ ပွဲစားကိုပဲ မှီရတာပေါ့။ အဲဒီမှာ မလိုလားအပ်တဲ့ မလုပ်ဖြစ်တာတို့ ဘာတို့ဖြစ်တာလေ” ဟု ပြောသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သမားများ သက်သေခံလက်မှတ်လုပ်နေကြစဉ်

ထို့အပြင် မေလမတိုင်ခင်က CI စာအုပ်ပြုလုပ်ရန် ငွေသွင်းထားပြီး စာအုပ်မရသေးသော သူများအနေဖြင့် ငွေ ထပ်မံ သွင်းစရာမလိုဘဲ သွားရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။

သို့သော် မိမိ၌ ငွေသွင်းထားသည့် အချက်အလက် စာရွက်စာတမ်းများ ရှိရမည်ဖြစ်ပြီး ငွေသွင်းပြီးကြောင်း သက်သေပြစရာ အထောက်အထားများ မရှိပါက ငွေထပ်မံပေးသွင်း၍ CI စာအုပ်ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မိမိတွင် ငွေသွင်းပြီးသား အချက်အလက်များရှိပါက ပွဲစားများမှ ထပ်မံငွေတောင်းခံ လာသည်ရှိသော် ပေးစရာမလိုကြောင်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အဓိကကတော့ ဥပဒေအရ ကုန်ကျ စရိတ်တွေကို ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ်တိုင်နားလည်ဖို့ လိုတယ်။ ဥပမာ work permit သက် တမ်းတိုးရင် ကုန်ကျစရိတ် ဘယ်လောက်ရှိတယ်။ ကျန်းမာရေးအာမခံ လုပ်တဲ့အခါ ကုန်ကျစရိတ် ဘယ်လောက် ရှိတယ်။ နောက် CI စာအုပ် တကယ့်တကယ် ဥပဒေလမ်းကြောင်းရဲ့ ကုန်ကျစရိတ်က ဘယ်လောက်ရှိတယ်။ ဒါတွေကိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ သိအောင်လုပ်ရမှာ ဖြစ်တယ်။ အကြံဥာဏ် ပေးချင်တာ ကတော့ CI စာအုပ် သွားလုပ်မယ်ဆိုရင် ဘယ်နှရက်သွားရမလဲ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ဒါတွေကို သိထားဖို့လိုတယ်။ ဒါတွေသိမှ ကိုယ်ကယှဉ်လို့ရတာပေါ့။ ဥပမာ ပွဲစားခ ဘယ်လောက်ကျတယ်၊ ကုန်ကျစရိတ်က ဘယ်လောက် ကျတယ်ဆိုတဲ့ဟာကို ယှဉ်တယ်။ နောက်တစ်ခုက ပိုက်ဆံပေးတဲ့အခါ အထောက်အထားတွေနဲ့ ပေးနိုင်ရင်တော့ ပိုကောင်းတယ်။ ကိုယ့်မှာ လုပ်ငန်းရှင်မရှိဘဲနဲ့ ပွဲစားတွေကို တဆင့်ခံပြီးလုပ်တဲ့ အုပ်စုတွေလည်း ရှိတယ်။ အဲဒီအုပ်စုတွေ အနေနဲ့ကတော့ ပိုက်ဆံပေးတဲ့အခါ မှတ်တမ်းလေးတွေ ယူထားဖို့၊ အထောက်အထား တွေနဲ့ စနစ်တကျပေးဖို့ ဒါတွေလည်း အကြံပြုမျှဝေချင်တယ်” ဟု ပြောသည်။

 သက်သေခံလက်မှတ်ထုတ်ပေးရေးစခန်းကိုတွေ့ရစဉ်

CI စာအုပ် ပြုလုပ်ရာတွင် ပုံမှန် ဘတ်ငွေ ငါးထောင်၊ ခြောက်ထောင်ခန့် ကုန်ကျမည့်အစား ပွဲစားများဖြင့် ပြုလုပ် ပါက နှစ်ဆခန့်ပေးရကြောင်း သိရသည်။ 

ထို့ကြောင့် လက်ရှိ ပြန်လည်ဖွင့်ပေးနေသည့် ကာလများတွင် CI စာအုပ် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ပြုလုပ်ထားကြရန်လည်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက တိုက်တွန်းသည်။