CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

မြန်မာနိုင်ငံထဲတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်နေသည့် တရုတ်အနေဖြင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ရန်လိုအပ်ကြောင်း အလုပ်သမားအခွင့်အရေးအတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများက ပြောသည်။

တရုတ်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ဒေသခံများအတွက် ကျွမ်းကျင်လုပ်သားဖြစ်ရေး အခြေခံမူများမရှိခြင်းကြောင့် ပြည်ပထွက်ခွာသူ များ လာရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနကို ပြောသည်။

ဦးတင်ထူးအောင်က “နိုင်ငံရေးစီးပွားရေးမတည်ငြိမ်မှုရယ် အလုပ်အကိုင်ရှားပါးမှု ပြဿနာရယ် အလုပ်အကိုင် ရှားပါးမှုပြဿနာနဲ့အတူ ပြည်ပရင်းနှီးမြှုပ်နှံမှုမရှိဘူး။ ရှိလာခဲ့ရင်လည်း ရှိလာတဲ့ဒေသ ရင်းနှီးမြှုပ်နှံမှုက ဒီမှာ ရှိတဲ့ဒေသခံတွေပေါ်မူတည်တဲ့ ကျွမ်းကျင်လုပ်သားဖြစ်ရေးဆိုတဲ့ အခြေခံမူတွေမရှိတဲ့အတွက်ကြောင့် ဒီ အချက် တွေ မူတည်ပြီးတော့ ပြည်ပထွက်ခွာသူတွေ ပိုများလာတယ်လို့ ကျနော်တို့က အဲ့လိုမြင်တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က တရုတ်-ကျောက်ဖြူ ချစ်ကြည်ရေးလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေးအသင်း ညီလာခံခန်းမတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း(KDNEDA) ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်က  ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ကျီလင်မြို့တို့မှာ ထာဝရ မိတ်ဆွေများဖြစ်သွားပြီဖြစ်၍ အဓိပ္ပာယ်ပြည့်ဝအောင် ဆောင်ရွက်ကြမည်ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်

ဦးငြိမ်းချမ်းမောင်က “တနေ့တခြား အိမ်ကို စွန့်ခွာသွားကြတဲ့ ရခိုင်တွေ အိမ်ကိုပြန်လာနိုင်ဖို့ ပထဝီ အနေအထား အရ အားသာချက်များစွာရှိနေတဲ့ ကျောက်ဖြူဒေသမှာ အထူးစီးပွားရေးဇုန်ကြီး တည်ဆောက်နိုင်ခြင်းဟာ ကမ္ဘာ့ ဈေးကွက်ကြီးတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို စီးပွားရေးဆုံမှတ် ဖြစ်လာစေခြင်း ဖြင့် ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာမည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးရဲ့ ဂျီဒီပီ ၈ဝ ရာခိုင်နှုန်းအထိ ဆွဲတင် နိုင်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စီမံကိန်းများ၊စက်မှုဇုန်များရှိလာခဲ့လျှင်တောင် လုပ်ခလစာ ဝင်ငွေနည်းပါးနိုင်ခြင်းကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကြခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံ ကိုစိုးချေက CNI သတင်းဌာနကို ပြော သည်။
ကိုစိုးချေက “ကျနော်တို့ဒေသက လူတွေက ထိုင်းတို့မလေးရှားတို့သွားပြီး အလုပ်လုပ်တယ်ဆိုတာက ဒီမှာ အလုပ် လုပ်စရာမရှိလို့ သွားတာမဟုတ်ဘူးဗျ။ ဒီမှာရတဲ့၀င်ငွေနဲ့ ထိုင်း၊မလေးရှားမှာ သွားလုပ်လို့ရတဲ့ဝင်ငွေက တအားကို ကွာနေတဲ့အတွက်ကြောင့် သွားပြီးလုပ်ကြတာပေါ့နော်။ စက်မှုဇုန်တွေ ဖြစ်လာခဲ့ရင်ကော ဒီစက်မှုဇုန်တွေမှာ ပေးနေတဲ့လစာနူန်းထားသည် ထိုင်း မလေးရှားမှာ ပေးတဲ့လစာနှုန်းနဲ့ ဘယ်လိုမှ နှိုင်းလို့ မရဘူးပေါ့နော်။ ကျောက်ဖြူမှာ စက်မှုဇုန်ရှိလာခဲ့ရင်လည်း ကျောက်ဖြူ စက်မူဇုန်မှာရှိတဲ့ အလုပ်သမား၀န်ထမ်းတွေရဲ့ လစာနှုန်းထားသည် လက်ရှိမြန်မာနိုင်ငံမှာ ပေးနေတဲ့ နှုန်းထားအတိုင်း ပေးနေမယ်ဆိုရင်တော့ ထိုင်းတို့မလေးရှားတို့က လုပ်နေတဲ့လူတွေ ပြန်လာဖို့ ဘယ်လိုမှ မဖြစ် နိုင်ဘူး ဖြစ်နိုင်ချေတော််တော်လေးနည်းတယ်"ဟု ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ပြည်ပထွက်ခွာပြီး အလုပ်သွားရောက်လုပ်ကိုင်ကြသူဦးရေ  သုံးသောင်းကျော် ရှိခဲ့ကြောင်း စစ်တမ်းများအရ သိရပြီး မလေးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အများဆုံး သွားရောက်ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံမှ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်း၊ အထူးစီးပွားရေးဇုန် တို့ကို တည်ဆောက်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အမ်း၊ သံတွဲနှင့် ဂွ စသည့် မြို့နယ်များတွင်လည်း တရုတ်အစိုးရက လေအား လျှပ်စစ် စီမံကိန်းကို ဆောက်လုပ်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က တရုတ်ကုမ္ပဏီနှင့် လျှပ်စစ်ဝန်ကြီး ဌာနတို့ စာချုပ်ချုပ်ဆိုထားသည်။