CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈

ငွေကျပ် နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေမည်ကို အကြောင်းပြ၍ စီးပွားရေးသမားများသည် စားသောက်ကုန် ဈေးနှုန်း များအပေါ် ဈေးကစားခြင်းကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာနေသော်လည်း လာမည့် ၂ လအတွင်း ဈေးပြန် ကျလာမည်ဟု စပါးစိုက်တောင်သူများနှင့် ကုန်သည်များက ပြောသည်။

ပုံမှန်အချိန်တွင် ပြည်တွင်း ဆန်ဈေးနှုန်းများသည် ဇူလိုင်နှင့် ဩဂုတ်လများတွင် ဈေးနှုန်းများ မြင့်တက်လာလေ့ရှိ သော်လည်း ငွေကျပ် နှစ်သောင်းတန် ထုတ်မည့်သတင်းကြောင့် ဆန်ဈေးနှုန်းမှာ ပိုမို၍ ဈေးမြင့်တက်လာသွားခဲ့ သည်။ 

လက်ရှိတွင် မြန်မာကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူကို ထုတ်ဝေမှုကြောင့် ပြည်တွင်း၌ ဆန် အပါအဝင် ကုန်ဈေး နှုန်းများ မြင့်တက်လာနေကြောင်း၊ ဆန်ဈေးနှုန်းသည် မိုးစပါးများပေါ်ချိန် အောက်တိုဘာလတွင် ပြန်လည် ကျဆင်းသွားမည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန်ရောင်းချနေသည်ကို တွေ့ရစဉ်

၎င်းက “ခါတိုင်းကတော့ နည်းနည်း တက်ပါတယ်။ ဒါပေမယ့် အခု ဆန်ဈေးတက်တာကတော့ စီးပွားရေးသမား များရဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဆွဲတင်တဲ့သဘောပါပဲ။ ၂ သောင်းတန် ထုတ်မယ် ဘာညာဆိုတာကို အကြောင်း ပြုပြီးတော့ ဆီဈေး၊ ဆန်ဈေး အကုန်လုံး တက်တာပေါ့။ သပ်သပ်မဲ့ ရိုးမယ်ဖွဲ့တာပေါ့။ အကယ်၍ ၂ သောင်းတန် မရိုက်ဘဲနဲ့ ၁ သောင်းတန် အရွက်ရေ ၁ ဘီလီယံ ရိုက်ရင်ရော ဘယ်သူသိမလဲ။ ဘာမှမဟုတ်တဲ့ ငွေစက္ကူ ရိုက်နှိပ်မှု အပေါ်မှာ အကြောင်းပြပြီးတော့ အခုလိုဖြစ်နေတဲ့ အပေါ်မှာတော့ စီးပွားရေးသမားတွေရဲ့ လုပ်ချက်ပဲလေ။ သူတို့ က ဒီဟာကို အခွင့်အရေးယူပြီးတော့ တက်တာပါ။ သူတို့ တက်လည်း ၂ လပေါ့။ အခုဆိုရင် ဇူလိုင်။ ဩဂုတ်၊ စက်တင်ဘာ ၂ လပေါ့။ အောက်တိုဘာဆိုရင် အန်ကယ်တို့ဆီက စပါးတွေပေါ်ရင် ဒါတွေက သူတို့ ဘယ်လိုပဲ ပြော ပြော အန်ကယ်တို့ စပါးပေါ်လာတဲ့ အချိန်ကျရင် သူတို့ အဲဒီတုန်းက ငွေတွေရှားလို့ ဘာတို့ဆိုပြီး ဈေးချတာပါပဲ။ အဲဒီတော့ အန်ကယ်တို့ ဈေးပေါ်လာတဲ့ အချိန်ဆိုရင်တော့ မလွဲမသွေ ဈေးကျမှာပါ” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စိုက်ဧက ၂ သန်းနှင့် ပဲခူးတိုင်း ဒေသကြီးတွင် စိုက်ဧက ၃၅ သန်းရှိကြောင်း၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် မိုးစပါးများ ပေါများစွာ ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ထိုကာလတွင် ပြည်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ကြောင်း တောင် သူများက ပြောသည်။

လက်ရှိတွင် ပြည်တွင်းစားသုံးနေသည့် ဆန်ဈေးနှုန်းသည် တစ်အိတ်လျှင် ၂၀၀၀ နှင့် ၃၀၀၀ အထိ မြင့်တက်လျှက် ရှိနေပြီး ရွှေဘိုပေါ်ဆန်းသည် တစ်အိတ်လျှင် ၅၀၀၀ နှင့် ၆၀၀၀ ကြား မြင့်တက်နေသည်ဟု ရန်ကုန်တိုင်း ဒေသကြီးရှိ ဝါးတန်းကုန်စည်ဒိုင်မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန်ရောင်းချနေသည်ကို တွေ့ရစဉ်

၎င်းက “ပြည်တွင်းဆန်တော့ တစ်အိတ်ကို ၂၀၀၀ နဲ့ ၃၀၀၀ ကြား တက်လို့ကတော့ ကျနော်တို့က အခြေခံ ၁ ပြည် မှာ ၁၀၀ နှုန်းလောက်ပဲ ပြောင်းလဲမှု ရှိတာပေါ့နော်။ ဆန် ၁ အိတ်ကို ၁ ပြည်ကို ၁၀၀ နှုန်းပေါ့။ ၁ အိတ်ကို ၂၄ ပြည် ဆိုတော့ ၂၀၀၀ ကျော် တက်တာပေါ့နော်။ အမှန်တော့ ပုံမှန်လလည်း စကူးမက်ကူးလလည်းဖြစ်သလို ငွေကြေးရဲ့ လူတွေရဲ့ စိတ်ထင်ပေါ့နော် ဖောင်းပွတယ်ထင်ပေမယ့် အယူအဆအရတော့ ဒါက ပုံမှန် ဒါက ထုတ်လုပ်တယ် ဆိုပေမယ့် အကန့်အသတ်နဲ့ ဖြစ်တဲ့အတွက် လူတွေရဲ့ စိုးရိမ်စိတ်ကြောင့်လည်း ပါပါတယ်။ ပုံမှန်လည်း ဒီအချိန်မှာ ဆန်ဈေးက ၁ အိတ်ကို ၁၅၀၀၊ ၂၀၀၀ လောက် တက်မှာပေါ့။ လောလောဆယ် လကုန်ရက် ဆန် ၁ အိတ်ကိုတော့ ၂၀၀၀ နဲ့ ၃၀၀၀ ကြား တက်တယ်ပေါ့။ ရွှေဘိုပေါ်ဆန်းတော့ ၅၀၀၀ နဲ့ ၆၀၀၀ ကြားတော့ တက်သွားတယ် လတ်တလော အခြေအနေမှာတော့” ဟု ပြောသည်။

ထို့နောက် ပြည်တွင်း ဆန်ဈေးနှုန်းသည် ပြည်ပဆန်တင်ပို့မှု အပေါ်တွင်လည်း သက်ရောက်မှု ရှိကြောင်း၊  လက်ရှိ တွင် ပို့ကုန်ရငွေ မူဝါဒ ဖြေလျှော့ပေးထားခြင်းကြောင့် ပြည်ပတင်ပို့ရန် ဆန်ဝယ်ယူမှု မြင့်တက်နေကြောင်း၊ ထို အခြေအနေများကြောင့် ဆန်ဈေးနှုန်းများ လိုက်ပါမြင့်တက်သွားခြင်းဖြစ်ကြောင်း ဘုရင့်နောင် ဆန်စပါးကုန်စည် ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၅၃၀၀၀ လောက်ရှိတယ်။ အခု ၅၈၀၀၀ လောက် ရောက်သွားတယ်။ Exporter မဝယ်ရင် ဈေးက ကျသွား တယ်။ အခု Exporter ဝယ်တော့ ဈေးက တက်သွားတယ်။ ၅၀ / ၅၀ လည်းပါတယ်။ ငွေကိစ္စလည်း ပါတာပေါ့။ အလားအလာကတော့ Exporter မဝယ်ရင် ဈေးက မတက်ဘူးပေါ့။ Exporter ဝယ်ရင် ပြည်တွင်းစားသုံးမှုနဲ့ Exporter ဈေးကွက်ယှဉ်ပြီးတော့ အဝယ်လိုက်တော့ ဈေးနှုန်းက နည်းနည်းလေး လှုပ်တယ်။ Exporter တွေ ကလည်း အရေအတွက် များများလိုချင်လို့ ဝယ်ပေမယ့် ၈ လပိုင်း၊ ၉ လပိုင်းက ဆန်အထွက် ပါးမယ်ဆိုတော့ လှောင်ထားတဲ့သူတွေက မရောင်းဘဲနဲ့ ၉ လပိုင်းအကုန် အသစ်တွေ ပေါ်လာပြီဆိုတော့မှ ချပြီး ရောင်းကြမယ်။ ၈ လပိုင်း၊ ၉ လပိုင်းက ထိန်းရောင်းကြတာပေါ့နော်။ ဆန်ဈေး နည်းနည်းဆွဲတင်ပြီး ရောင်းကြတာပေါ့နော်။ အဲဒါ တော့ ဝယ်သူနဲ့ ရောင်းသူနဲ့ ဝယ်လိုအား ရောင်းလိုအား ကြည့်ပြီးတော့ ဈေးကတော့ ကျစရာတော့ သိပ်မရှိဘူး။ ရသလောက်တော့ ရောင်းကြမှာပေါ့။ ဒါကတော့ ပြည်တွင်းဈေးကွက်ကို ပြောတာလေ။ Exporter ကတော့ Exporter မဝယ်ဘူးဆိုရင်တော့ ဈေးကွက်က ပြန်အေးသွားရော” ဟု ပြောသည်။

ပြည်ပသို့ တင်ပို့သည့် ဆန်ဈေးနှုန်းများသည် ယခင်က တစ်အိတ်လျှင် ၅၃၀၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိ တွင် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဆန် ၁ အိတ်လျှင် ၅၀၀၀ ကျပ်ခန့် မြင့်တက်လာကြောင်း သိရသည်။

လက်ရှိတွင် တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဝန်းကျင် ဆန်များ ဝယ်ယူမှု များပြားနေကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်ထံမှ သိရသည်။