CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် လက်ရှိတွင် ပြည်တွင်းရှိ လူငယ်လူရွယ်များ ပြည်ပထွက်ခွာမှု များပြားနေခြင်းကြောင့် နောင်တချိန်တွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက လူသားအရင်းအမြစ် ရှားပါးမှုနှင့် ကြုံတွေ့လာနိုင်မည်လားဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက မေးခွန်းထုတ်မှုများ ရှိနေသည်။

သို့သော် လုပ်သားရှားပါးမှု အချက်အလက်ကို ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များက ထည့်သွင်းစဉ်းစားသော်လည်း အဓိကနေရာတွင် မထားကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုး အမြတ်များကို နိုင်ငံတော်က ကာကွယ်ပေးထားမှု အခြေအနေများကိုသာ ဦးစားပေးထည့်သွင်းကြသည်ဟု သိရ သည်။

သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် လူသားအရင်းအမြစ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံဝင်ရောက်မှုသည် ဆက်လက်ကျဆင်းနေမည် ဖြစ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အဲဒီဟာကို သူတို့ ထည့်သွင်းစဉ်းစားတဲ့အချက်ထဲမှာတော့ ပါတယ်။ ဒါပေမယ့် evergreen မှာတော့ မပါဘူး။ ဒီက Ground infrastructure ဘယ်လောက်ကောင်းလဲ။ နောက် အခွန်ကင်းလွတ်ခွင့်ပေးတာတို့၊ အခွန် သက်သာခွင့်ပေးတာတို့၊ အဲဒါမျိုးတွေ ဘယ်လောက်ရှိလဲ၊ နောက် သူတို့ရဲ့ အကျိုးအမြတ်တွေကို နိုင်ငံခြားကို လွတ်လွတ်လပ်လပ် ပို့ခွင့်ရှိလား၊ နောက် သူတို့ investment ကို ဘယ်လောက်ထိ ကာကွယ်ပေးထားလဲ၊ နောက် Labor Law တွေ ဘယ်လိုရှိလဲ ဒါတွေကို ကြည့်တာ။ အလုပ်သမား၊ လုပ်သား ရှားပါးတာ မရှားပါးတာ သူတို့ ဒီရောက်လို့ရှိရင် သူတို့ Standard ပေးလိုက်လို့ရှိရင် ဒီအလုပ်သမားတွေ ပြန်ဝင်လာမယ်ဆိုတာ သူတို့ သဘော ပေါက်တယ်။ သူတို့ ထည့်တော့စဉ်းစားတယ်။ ဒါပေမယ့် အဲဒီဟာတွေ ပြန်ပြီးတော့ ရဖို့ကတော့ တိုင်းပြည် တည်ငြိမ်ဖို့ အဓိက လိုတာပေါ့နော်။ တိုင်းပြည်တည်ငြိမ်ပြီဆိုတော့မှ ကျန်တဲ့ဟာတွေ ပြန်ပြီးတော့ ဆက်လုပ် လို့ရမှာ။ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ ပြည်ပရင်းနှီးမြှုပ်နှံမှုရော၊ လူသားအရင်းအမြစ်ရော ဒီအတိုင်း ကျနေအုံးမှာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံသည် တခြားသော နိုင်ငံများထက် လုပ်ခလစာ နည်းပါးခြင်းကြောင့် လုပ်သားအများအပြား အသုံးပြုရသည့် အထည်ချုပ်ကဲ့သို့သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် မြန်မာနိုင်ငံကို ရွေးချယ်ကြမည် ဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် လုပ်ခလစာ နည်းပါးခြင်းပြဿနာကို ဖြေရှင်းပေး နိုင်မည်ဆိုပါက ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာမည် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ပြည်ပသို့ထွက်ခွာမည့် MOU လုပ်သားများ

လက်ရှိတွင် မြန်မာနိုင်ငံတွင်းရှိ လူသားအရင်းအမြစ် အားလုံးသည် ပြည်ပသို့ ထွက်ခွာသွားခြင်း မဟုတ်ကြောင်း၊ သို့သော်လည်း လက်ရှိ သတ်မှတ်လိုက်သည့် ပြည်ပရောက် အလုပ်သမားများ၏ လစာအပေါ် ၂၅ ရာခိုင်နှုန်း ငွေလွှဲစေခိုင်းခြင်းနှင့် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုများကြောင့် ပြည်ပသို့ အလုပ်သမားများ ထွက်ခွာမှုများကို ခက်ခဲသွားစေနိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“အလုပ်သမားကတော့ အကုန်လုံး ထွက်သွားတာတော့ မဟုတ်ပါဘူး။ ရှိသလောက်တော့ ရှိနေသေးတာပဲလေ။ အခုဟာက နိုင်ငံခြားသွားရင်တောင်မှ criteria တွေက တဖြည်းဖြည်းနဲ့ ပိုများလာရင် နောက်ပိုင်း ထွက်သွားဖို့ ခက်သွားတဲ့သဘောတောင် ရှိလာနိုင်တယ်။ 
ဥပမာအားဖြင့်ဆို အခွန်ဆောင်ခိုင်းပြီ။ ဆရာတို့ခေတ်ကတည်းက အခွန်ဆောင်ခိုင်းတာ။ ဖိလစ်ပိုင်မှာတောင်မှ လူဦးရေ ၁၂ သန်းလောက် အပြင်ထွက်သွားတာကိုး။ ဆရာတို့ဆီမှာ အဲဒီလောက် မသွားသေးဘူးလေ။ ပြန်စဉ်းစားကြည့်ရင် ထိုင်းတစ်ခုပဲ ၃ သန်းလောက် ရှိတာလေ။ ကျန်တဲ့နိုင်ငံ တွေက ဒီလောက်ကြီး မသွားသေးဘူး။ မလေးရှားဆို ၂ သိန်းလောက်ပဲ ရှိတာကိုး။ စင်္ကာပူလည်း ၁ သိန်းတောင် မပြည့်ပါဘူး။ ကျန်တဲ့နိုင်ငံတွေဆို ထောင်ကဏန်းပေါ့။ ကိုရီးယားဆိုရင်တောင်မှ သောင်းကဏန်းပဲ ရှိဦးမှာလေ။ ဂျပန်တောင်မှ ထောင်ကဏန်းပဲ ရှိတာ။ အများကြီး မရှိသေးဘူး။ ဆရာတို့ဆီမှာ အကယ်၍သာပေါ့နော် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာခဲ့ရင်တော့ လုပ်အားခတွေက အခြေအနေကောင်းလာရင် ဘာမှ ဒီဘက်က အဖြတ်အတောက်တွေ သိပ်မရှိဘူးဆိုရင် ရှင်သန်နိုင်မှာ နောက် ၂ နှစ်၊ ၃ နှစ်ဆိုရင် ဒီဥစ္စာက ရှင်သန်နိုင်ဖို့ ရှိတယ်။ တဖြည်းဖြည်းနဲ့ လုပ်ခလစာတော့ ဒီဘက်က တိုးပေးရမှာပေါ့နော်။ အဲဒီတစ်ခုတော့ ဆရာတို့ ကြိုးစားပေးနိုင်ရင် နိုင်ငံခြားသွားချင်တဲ့သူတောင်မှ မရှိတော့ဘူး တဖြည်းဖြည်းနဲ့” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက် နိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။

ကိုဗစ်ကပ်ရောဂါမတိုင်ခင်တွင် ပြည်တွင်းသို့ ပြန်ဝင်လာကြသည့် မြန်မာအလုပ်သမား အများအပြားသည် လက်ရှိတွင် ပြည်ပသို့ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ထွက်ခွာနေပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်လုပ်သား များလည်း ပါဝင်နေသည်။