CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၅၈ ခုရှိသည့်အနက် တရုတ်နိုင်ငံက ၂၆ ခု ဝင်ရောက်၍ အများဆုံး ရင်းနှီးမြှုပ်နှံထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုသည် ၂၆ ခုဖြစ်သော်လည်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၄ သန်းခန့်သာရှိပြီး ရင်းနှီးမြှုပ်နှံမှု ၁၄ ခုဖြင့် ဝင်ရောက်ထားသည့် စင်္ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်နေသည်ကို တွေ့ရသည်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားသည့် ပမာဏများအရ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေသေး ကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ကျဆင်းမည်ဟု ခန့်မှန်းမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံ သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် အခြေအနေ တိုးလာမည်ကို မမြင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကိုတွေ့ရစဉ်

၎င်းက “အမှန်က approve FDI က အရင်ကဆိုရင် ဘီလီယံနဲ့ချီပြီး ရှိတာ။ အခုကတော့ အများကြီး ကျသွားတယ် လို့တော့ ပြောရမှာပေါ့။ နောက် ဝင်တဲ့ဟာတွေက အကုန်လုံး အသစ်လို့ ပြောလို့မရဘူး။ တချို့ဟာတွေက ဒီမှာ ရှိတဲ့ Investment ကို ထပ်တိုးတဲ့ဟာတွေ။ ဒီပုံအတိုင်းက မြန်မာနိုင်ငံချည်းတော့ မဟုတ်ဘူး ကမ္ဘာမှာက ၂၀၂၃ မှာ တစ်ကမ္ဘာလုံး စီးပွားကျမယ်ဆိုပြီးတော့ပေါ့ ခန့်မှန်းထားကြတာဆိုတော့ အဲဒီစီးပွားကျနေတဲ့ အချိန်မှာဆိုတော့ Investment တိုးဖို့တော့ သိပ်မမြင်ဘူးပေါ့။ မြန်မာပြည်က ပိုဆိုးတာ နိုင်ငံရေးအ ခြေအနေကလည်း မတည်မငြိမ် ဆိုတော့ မြန်မာပြည်က ပိုဆိုးမယ့် အခြေအနေ ရှိနေတာပေါ့” ဟု ပြောသည်။

နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် သည့် ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၈၈၀ သန်းကျော် ရှိသည်။ ထို့ကြောင့် လက်ရှိ ရရှိနေသည့် ရင်းနှီး မြှုပ်နှံမှုသည် ကျဆင်းသည့် အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။

လက်ရှိ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ၅၈ ခုတွင် တရုတ်နိုင်ငံက ၂၆ ခု၊ စင်္ကာပူနိုင်ငံက ၁၄ ခု၊ ဟောင်ကောင် က ၁၂ ခု၊ တောင်ကိုရီးယားက ၂ ခု၊ တရုတ် (တိုင်ပေ)၊ ဂျပန်နှင့် ယူကေနိုင်ငံတို့က ၁ ခုစီ ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ထုတ်ပြန်ထားသည်။

အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကိုတွေ့ရစဉ်

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအပိုင်းတွင် ယခင်က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၁ ရာခိုင်နှုန်း ပါဝင်သည့် လုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီဟု သတ်မှတ်သော်လည်း လက်ရှိတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိကို ပြည်တွင်းကုမ္ပဏီဟု သတ်မှတ်ထားသည်။

ထို့နောက် လုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်းတင်သွင်းမှု အကန့်အသတ်များနှင့် အကျိုးအမြတ် ပြန်လည် ပို့ဆောင်ခြင်းများကိုလည်း ဖြေလျှော့ပေးထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေ ပြန်လည်တည်ငြိမ်လာပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အလားအလာ ကောင်းမွန်လာမည်ဟု စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။