CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇

တရုတ်နိုင်ငံ၊ ရွှေလီမြို့အတွင်း အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့်သက်တမ်း ကုန်လွန်နေသည့် မြန်မာနိုင်ငံ သားများကို QR Code ထုတ်ပေးပြီး ၂၀၂၃ နှစ်ကုန်အထိ ဆက်လက်နေထိုင်ခွင့်ပြုထားကြောင်း ရွှေလီရှိ မြန်မာ နိုင်ငံသားများထံမှ သိရသည်။

ရွှေလီတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် မြန်မာနိုင်ငံသားတွေအနေဖြင့် မိမိနေထိုင်ရာ အိမ်ရှင်၏ ထောက်ခံချက်ဖြင့် QR ကုဒ်ပြုလုပ်ပြီး ၂၀၂၃  နှစ်ကုန်အထိ နေထိုင်ခွင့်ရရှိသွားသည့်အတွက် သတ် မှတ်ထားသည့် အလုပ်နေရာများတွင် လုပ်ကိုင်၍ ရသွားသည်ဟု မူဆယ်မြို့ရှိ လူသားချင်းစာနာ ထောက်ထားမှု အကူ အညီပေးရေးကွန်ယက် ဥက္ကဋ္ဌ ကိုပြည့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာနိုင်ငံသားတွေကို QR Code ထုတ်ပေးတယ်။ QR Code ဆိုတာက သူတို့ အိမ်ရှင် ဘယ်အိမ်မှာ ငှား နေတယ်၊ ကိုယ်ပိုင်ဆို ကိုယ်ပိုင်ပေါ့နော် QR Code ထုတ်ပေးတယ်။ အဲဒီစာရွက်ပြလိုက်လို့ရှိရင် သူတို့ သတ်မှတ် ထားတဲ့ နေရာမှာဆိုရင် မဖမ်းဘူးပေါ့။ ရွှေလီဆို ရွှေလီမှာပဲနေပေါ့။ ပြည်မထဲကြီးတော့ သွားလို့မရဘူးပေါ့။ အဲဒါက ဒီနှစ်ကုန်အထိ ထုတ်ပေးတယ်။ အရင်တုန်းကတော့ ကျနော်တို့ စာအုပ်အနီနဲ့ သွားတယ်။ အဲဒီမှာ တစ်နှစ် သက်ဆိုင်ရာ တရုတ်ရဲစခန်းကနေပြီးတော့ ဘာသာပြန်ပြီးတော့ အစိမ်းရောင်စာအုပ် ထုတ်ပေးတယ် နေထိုင်ခွင့်။ အရင်တုန်းက တရားဝင်ပဲ သွားသွား၊ မသွားသွား အခု တရုတ်ပြည်ထဲမှာရှိတဲ့သူတွေဆိုရင် ဘယ်အိမ်မှာ အိမ်ငှား နေတယ်ဆိုတဲ့ အိမ်ရှင်ရဲ့ထောက်ခံချက်ပေါ့နော် ကျနော်တို့ဆိုရင် အိမ်ငှားစာချုပ်ပေါ့။ အိမ်ရှင်ကနေပြီးတော့ သူ့ အိမ်မှာ ငှားနေတယ်လို့ ပြောလိုက်တာနဲ့ QR Code ထုတ်ပေးတယ်။ ဆိုးကျိုးကတော့ မရှိပါဘူး ကောင်းကျိုးပဲ ရှိတယ်လို့ မြင်တယ်ပေါ့နော်။ ကောင်းကျိုးဆိုတာတော့ သူတို့ ဒီဟာနဲ့သွားရင် အလုပ်လုပ်လို့ရမယ် သတ်မှတ်တဲ့ နေရာတွေမှာ။ ပြီးလို့ရှိရင် မြန်မာပြည်ကို ပြန်လာစရာ မလိုဘူး။ ဥပမာ ကျနော်တို့ဆိုရင် ၆ ညအိပ် ၇ ရက် သွား နေရတယ်။  သူတို့ပြန်လာလို့ရှိရင် ဒီဘက်မှာ ပြန်ဝင်ဖို့ စာအုပ်အနီ လုပ်ပေးတာ မရှိဘူးလေ။ အဲဒီအခါကျတော့ သူတို့က ပြန်မထွက်လာတာမျိုး ဟိုဘက်မှာ အခြေချမယ်ဆိုရင်တော့ နှစ်ကုန်တဲ့အထိတော့ တရားဝင် နေထိုင်ခွင့် ရသွားတာလေ ကောင်းတဲ့ဘက်ကိုပဲ တွေ့ရတာပေါ့” ဟု ပြောသည်။

မြန်မာများကို တရုတ်ရဲက အထောက်အထားစစ်ဆေးနေစဉ်

တရုတ်ဘက်ခြမ်းသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတချို့သည် အထောက်အထား မပြည့်စုံသည့်အတွက် မြန်မာနိုင်ငံသို့ ပြည်လည်ဝင်ရောက်၍ အထောက်အထားများ ပြန်လာလုပ်လျက်ရှိသည်။

သို့သော် တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် လုပ်ဆောင်ရာ၌ အခက်အခဲ များ ရှိနေသလို အချိန်ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ထို့ကြောင့် တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ရွှေ့ပြောင်း အလုပ် သမားများသည် မြန်မာနိုင်ငံဘက်သို့ ပြန်ချင်သော်လည်း တရုတ်နိုင်ငံသို့ ပြန်လည် ဝင်ရောက်ရာတွင် အခက်အခဲ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသို့ မပြန်ကြခြင်း ဖြစ်သည်။ 

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ရာတွင် အသုံးပြုရသည့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကို မူဆယ် အိမ်ထောင်စုနှင့် နမ့်ခမ်း အိမ်ထောင်စုများကိုသာ စာအုပ်ထုတ်ပေးနေကြောင်း မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ရွှေလီမြို့အတွင်းက မြန်မာများကိုတွေ့ရစဉ်

၎င်းက “အကုန်လုံး ထုတ်မပေးပါဘူးခင်ဗျ။ ကျနော်တို့က နှစ်နိုင်ငံ စာချုပ် ချုပ်ထားတာ။ မူဆယ်အိမ်ထောင်စုတို့၊ နမ့်ခမ်း အိမ်ထောင်စုတွေ ရှိတဲ့သူတွေကို နယ်စပ်ဒေသအတွင်း ရှိတဲ့ဟာပေါ့နော်။ မူဆယ်ဆိုရင် ပန်ဆိုင်းတို့၊ မုံးကိုးတို့၊ မံဟီတို့ ရတယ်လေ။ အိမ်ထောင်စုတွေ၊ တရားဝင် အိမ်ထောင်စုတွေ ရှိတဲ့သူတွေဆို ကျနော်တို့က နယ်စပ်ဖြတ်သန်းခွင့် BP စာအုပ် ထုတ်ပေးပါတယ်ဗျ။ အခုလောလောဆယ်တော့ မူဆယ်အိမ်ထောင်စု၊ နမ့်ခမ်း အိမ်ထောင်စု ရှိတဲ့ဟာတွေကိုပဲ ကျနော်တို့ လုပ်ပေးပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ QR Code ထုတ်ပေးလိုက်ခြင်းကြောင့် တရုတ်နိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းရှင်များသည်  လုပ်သား ရှားပါးမှုများ ပြေလည်သွားကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် အလုပ်လုပ်ကိုင်ခွင့် ဆက်လက် ရရှိသည့် အတွက်လည်း အဆင်ပြေသွားသည်ဟု ရွှေလီတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများက ပြောသည်။

အထောက်အထား မပြည့်စုံခြင်းနှင့် သက်တမ်း ကုန်လွန်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လိုပါက တရားဝင် ပြန်၍ရကြောင်း၊ လက်ရှိတွင် မူဆယ်နယ်စပ်မှတဆင့် နေရပ်ပြန်လိုသူ များကို လက်ခံပေးနေသည်ဟု မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။