CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈

ရခိုင်ပြည်နယ်၏ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်သော ကဏန်းလုပ်ငန်းသည် တရုတ်ပြည်သို့ တင်ပို့နိုင်မှု ကြောင့် ယခင်နှစ်ထက် ဈေးကောင်းရနေသည်ဟု ရခိုင်ပြည်နယ်မှ ကဏန်းဒိုင်လုပ်ငန်းရှင်များက CNI သတင်း ဌာနသို့ ပြောသည်။

ကိုဗစ် ၁၉ ရောဂါနှင့် နိုင်ငံရေး ပြဿနာများကြောင့် ပိတ်ထားခဲ့ရသည့် တရုတ်နယ်စပ်မှာ ယခုအခါ ပြန်လည် ဖွင့်လှစ်နေခြင်းကြောင့် ကဏန်းလုပ်ငန်း တင်ပို့မှု ပြန်လည်ပတ်လာကာ ဝင်ငွေကောင်းလာခြင်းဖြစ်သည်ဟု  ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကဏန်းဒိုင်ပိုင်ရှင် ဦးခိုင်ကျော်လှက ပြောသည်။

 တရုတ်သို့ တင်ပို့လာသည့် ကဏန်းများကိုတွေ့ရစဉ်

ဦးခိုင်ကျော်လှက  “ဈေးကွက် အခြေအနေက အရင်ကထက်စာရင် ပိုကောင်းလာတာပေါ့နော်။ တရုတ်ဘက်ကို လမ်းဖွင့်ပြီး ကတည်းက ကောင်းလာပြီ။ လမ်းက အရင်နှစ်က ဖွင့်တာ ဒီနှစ်ဆို တစ်နှစ်ပြည့်ပြီ။ တရုတ်လမ်း ဖွင့်ပြီး ကတည်းက တန်ချိန် များများစားစား တင်ရတယ်။ အရင်ကဆို အကန့်အသတ်နဲ့ တင်ရတယ်။ ရန်ကုန်ကို ဆို အကန့်အသတ်နဲ့ တင်ရတယ်ပေါ့နော်။ အခုဆို ကြိုက်သလောက် တင်လို့ရတယ်။ အခုဆို အကုန်တရုတ်ပို့တဲ့ သူတွေ များလာတယ်။ လမ်းပန်းဆက်သွယ်ရေးက အဓိကပါပဲ။ လမ်းပွင့်နေသရွေ့ကတော့ ကိုယ်ပြည်အတွက် ဝင်ငွေကောင်းတာပေါ့။ ပြီးတော့ ရခိုင်မှာ မုန်တိုင်းတစ်ခါ တိုက်ရင်တော့ ကဏန်းတွေ အရင်ကထက် နှစ်ဆ ပိုပေါလာတယ်။ မုန်တိုင်းတိုက်ရင် သားငါးပုစွန်တွေ နှစ်ဆပေါတယ်။ ကျနော်တို့က အဲလို့ခံစားရတယ်။ အရင် နှစ်တွေက မုန်တိုင်းတိုက်ရင်လည်း သားငါးပုစွန်တွေက ပေါတယ်။ ပျက်စီးသွားတဲ့ သူကျတော့ ပျက်စီးတာပေါ့။ တာတမံတွေ ကျိုးပဲ့သွားတဲ့ သူတွေမှာတော့ နည်းနည်း ဆုံးရှုံးတာပေါ့။ သားငါးတွေတော့ မသိဘူး။ ကဏန်းတွေ ကျတော့ အရင်ထက် ပေါသွားတာပေါ့” ဟု ပြောသည်။

ကဏန်းများ ရေခဲရိုက်နေစဉ်

ကဏန်းဈေးများ ကောင်းနေသော်လည်း မိုးလေဝသ အခြေအနေ မကောင်းပါက  ကဏန်းလုပ်သားများအတွက် အခက်အခဲ ရှိသည်ဟု ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာက ကဏန်းလုပ်ငန်းလုပ်ကိုင်သူ ဒေါ်နုနုစောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရတဲ့အခါ အဆင်ပြေတယ် မရတဲ့အခါ အဆင်မပြေဘူး။ မရတဲ့အခါကျတော့ ဓာတ်ဆီစရိတ်လည်း မပိုင် (ကာ)ဘူး။ ရရင်လည်း ရသွားတယ်။ မရရင်လည်း အိမ်စရိတ်တောင် မပိုင်(ကာ)ဘူး။ ဒိုင်တွေကို သွင်းတဲ့အခါ အဆင်ပြေတဲ့အခါ ပြေတယ်။ အရင်ကဆို တစ်ခါတစ်လေကျရင် တစ်သောင်းခွဲနဲ့ သွင်းရတဲ့ခါမျိုးရှိတယ်။ အခုက တော့  ဈေးကောင်းနေတာ တွေ့တယ်။ ကဏန်းက ဈေးကောင်းတယ်။ လေတိုက်ရင်တော့ သွားလို့မရဘူး။ လူတွေက သွားလို့ အဆင်မပြေ။ လှိုင်းထတယ်”ဟု ပြောသည်။

တရုတ်သို့ ကဏန်းများကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့က အများဆုံး တင်ပို့ကြကြောင်း၊ ဈေးကျသည့်အခါမှာ တင်ပို့မှုများပါက အရှုံးများနှင့် ကြုံတွေ့ကြရကြောင်း ကဏန်းလုပ်ငန်းရှင်များက ပြောပါသည်။

လက်ရှိ ကဏန်း ၁ ကီလိုကို ၃၀၀၀ ကျပ်ကနေ ၇၀၀၀ နီးပါးထိ ဈေးကောင်းရနေကြောင်း သိရသည်။