CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသော်လည်း ရခိုင်လူထုနှင့် ရခိုင်ပြည်နယ် အပေါ်  အကျိုးပြုမှု မရှိဘဲဖြစ်နေကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် ရခိုင်လူထုက ပြောသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများသည် တိုင်းဒေသကြီးတွင်သာမက ပြည်နယ်များမှာပါ လွှမ်းမိုး လာခဲ့ကြောင်း၊ သို့သော်လည်း ပြည်သူလူထုမှာ အကျိုးကျေးဇူး မခံစားရဘဲ ဖြစ်နေကြောင်း ရခိုင်နိုင်ငံသမား တစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထွန်းအောင်ကျော်က “ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံလာတဲ့ စီးပွားရေး လုပ်ငန်း အဓိကတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒါပေမယ့် အားလုံးသိတဲ့ အတိုင်းပါပဲ ဒီနှစ် ကျနော်တို့မှာ ဒေသခံ ပြည်သူ လူထုတွေရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ မျှော်လင့်ချက်နဲ့ မျှော်လင့်ချက်တွေက အပြည့်အဝ မရရှိနိုင်ခဲ့ဘူး။ အထူး သဖြင့် အလုပ်အကိုင်ရှားပါးတဲ့ ရခိုင်ပြည်သူတွေ အနေနဲ့ မိမိတို့ မိတ်ကောင်းဆွေကောင်း နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတွေကနေ မိမိတို့ရဲ့ ဘဝ အခက်အခဲတွေကို ပြေလည်နိုင်အောင် အလုပ်အကိုင်တွေ ဖန်တီးပေး နိုင်လိမ့်မယ်လို့ အားကိုးယုံကြည်ခဲ့ကြပေမယ့် ဒီနေ့အထိ ဘာမှ ထိထိရောက်ရောက် လုပ်နိုင်ကိုင်နိုင်တာတွေ မရှိ ဘူး”ဟု ပြောသည်။

ထို့အပြင် ရခိုင်ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုပင် တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများက ထည့်သွင်း စဥ်းစားခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အလှကိုတွေ့ရစဉ်

ဦးထွန်းအောင်ကျော်က “နောက်တစ်ခု ဝမ်းနည်းစရာ ကောင်းတာက အဓိက အောက်ခြေအလုပ်ဖြစ်တဲ့ လုံခြုံရေး တို့၊ ဂိတ်စောင့်တို့၊ ဒရိုင်ဘာတို့၊ ထမင်းချက်တို့ကအစ ဒီကုမ္ပဏီက သူတို့လူတွေ ခေါ်လာပြီး ခန့်အပ်ထားတယ် ဆိုတော့ ရခိုင်ပြည်မယ်မှာ ဘာမှအကျိုးခံစားခွင့် မရှိတာကတော့ အထင်အရှားပါပဲ”ဟု CNI သတင်းဌာနသို့ ပြော သည်။

ရခိုင်ပြည်နယ်တွင် တရုတ်စီမံကိန်းများ ရှိသော်လည်း ရခိုင်ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်မင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလက်ရှိထိ တရုတ် ရင်းနှီးမြှုပ်နှံမှု အများစုက ရခိုင်ပြည်သူတွေအတွက် ဖြစ်ထွန်းစေတဲ့အရာ တစ်ခုမှ မတွေ့ရသေးဘူး။ အများအားဖြင့် ဘာတွေ့ရလဲဆိုတော့ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုက တရုတ်ပြည်သူ့အစိုးရနဲ့ တိုက်ရိုက် ပတ်သက်ပြီးတော့ ဆက်နွယ်ပြီးတော့မှ လုပ်တယ်။ ပြီးတော့ ပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဘာတွေ ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုကို မကြိုက်ဘူးလားဆိုတော့ ကြိုက်တယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့မှ ဒေသခံတွေအပေါ်မှာ အမြတ်ထုတ်တဲ့ ပုံစံမျိုးတော့ သိပ်သဘောမကျဘူး။ လက်မခံဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်း၊ အထူးစီးပွားရေးဇုန် တို့ကို တည်ဆောက်လျက်ရှိနေသည်။

ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်မင်းခိုင်က “ဒေသခံတွေ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေး ဝမ်း ကျောင်း ပြုလုပ်တဲ့ သူတွေကို တားဆီးတာ ထိခိုက်တာတွေ ရှိတယ်။ သူတို့ကို အဲလို တားဆီးတာ မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ် ငါးဖမ်းခွင့်ပေးရမယ်။ ပြီးတော့ သိမ်းလိုက်တဲ့ မြေတွေရှိတယ်။ အဲမြေတွေအစာ အစားထိုး နေရာပေးရမယ်။ အဓိကတော့ နိုင်ငံတစ်နိုင်ငံ ပြေလည်ဖို့ကတော့ ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်။ ဒါပေမယ့် ရင်းနှီး မြှုပ်နှံမှုတွေရဲ့ နောက်ကွယ်မှာ ဒေသခံပြည်သူတွေက မြေစာပင် မဖြစ်ဖို့လိုတယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိုတွေ့ရစဉ်

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ပြည်သူလူထုအကျိုး ထိထိရောက်ရောက် လုပ်ဆောင်ပေးခြင်း မရှိသော ကြောင့် တရုတ်အပေါ် ယုံကြည်မှုမရှိကြောင်း စစ်တွေမြို့နယ်မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်သာစိန်က ပြောသည်။

ဦးမောင်သာစိန်က “ ခုဆို ရခိုင်ပြည်မှာလည်း ကိုယ့်နိုင်ငံ ကိုယ်ထူထောင်ဖို့အတွက် လုပ်နေတဲ့အခါမှာ ကျန်ရှိ နေတဲ့ သယံဇာတတွေကို တရုတ်လက်ထဲ မ‌ရောက်ရအောင် အခုကနေ စည်းစည်းလုံးလုံး ကာကွယ်ရမယ့် အနေအထား ရှိတယ်။ တရုတ်ကို သိပ်မယုံကြည်ချင်ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အမ်း၊ သံတွဲနှင့် ဂွမြို့နယ် စသည့် မြို့နယ်များမှာ တရုတ်အစိုးရက  လေအားလျှပ်စစ် စီမံကိန်းကို ဆောက်လုပ်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က တရုတ်ကုမ္ပဏီနှင့် လျှပ်စစ်ဝန်ကြီး ဌာနတို့ စာချုပ်ချုပ်ဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများ အပြင် အိန္ဒိယ၏ ကုလားတန်မြစ်စီမံကိန်းများလည်း ရှိနေသည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် ပြည်နယ်တစ်ခုဖြစ်သည်။