CNI International News

ဘန်ကောက်၊ မေလ ၂၅

Move Forward Party (MFP)ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ် အဖြစ် ထောက်ခံရေး ဆီးနိတ်လွှတ်တော်အမတ်များ ယတိပြတ် မဆုံးဖြတ်ရသေးကြောင်း လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဝမ်ချိုင်း ဆွန်သီရိ (Wanchai Sornsiri) က ပြောသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အမတ်များအကြား သောကြာနေ့တွင် အမြင်ချင်း ဖလှယ်ခဲ့သော်လည်း ၎င်းတို့ ၏ အယူအဆများသည် ၎င်းတို့၏ နောက်ဆုံး ရပ်တည်ချက်ကို ကိုယ်စားပြုခြင်း သို့မဟုတ် ၎င်းတို့ မည်သို့ မဲပေး မည်ကို ဖော်ညွှန်းခြင်းမရှိဟု ဝမ်ချိုင်းက ပြောသည်။

လက်ရှိတွင် ဆီးနိတ်လွှတ်တော် အမတ်များကြား၌ အယူအဆသုံးခုရှိကြောင်း ယင်းတို့မှာ ပီတာအား ထောက်ခံမဲ ပေးရန်၊ ကန့်ကွက်မဲပေးရန်နှင့် မဲမပေးဘဲ နေရန်တို့ဖြစ်ကြောင်း သို့သော် လက်ရှိတွင် လွှတ်တော်အမတ် အများစု က မည်သို့ ဆုံးဖြတ်မည်ကို ပြောရန် ခက်ကြောင်း၊ အများစုသည် မဲပေးသည့် နေ့တွင်မှ ဆုံးဖြတ်ချက် ချမည်ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

ထိုင်းလွှတ်တော်ကို တွေ့ရစဉ်

၎င်းအနေဖြင့် လွှတ်တော်အတွင်း နေရာပေါင်း ၂၅၀ ကျော်ကို ရရှိသည့် ဝန်ကြီးချုပ်လောင်းအား ထောက်ခံမဲပေး မည်ဆိုသည့် ကတိကို တည်သွားမည်ဖြစ်ကြောင်း ဝမ်ချိုင်းက ပြောသည်။

MFP ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တွင် နိုင်ငံရေပါတီ ရှစ်ခုပါဝင်ကာ လွှတ်တော်နေရာ ၃၁၃ ခုကို ရရှိထားသော် လည်း ပီတာအား ဝန်ကြီးချုပ်အသစ်အဖြစ် တင်မြှောက်ရန် နေရာ ၇၅၀ ရှိသောလွှတ်တော်မှ ထောက်ခံမဲ အနည်း ဆုံး ၃၇၆ ခု လိုအပ်သည်။

ဝန်ကြီးချုပ် အသစ်နေရာအတွက် မဲပေးရာတွင် ဆီးနိတ်လွှတ်တော် အနေဖြင့် ပီတာ၏ iTV တွင် ရှယ်ယာများ ပိုင်ဆိုင်ထားမှုကို ထည့်သွင်း စဉ်းစားမည့် အခြေအနေမရှိဟု ဝမ်ချိုင်းက ပြောသည်။
ထိုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များကသာ ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်သည်။ ထိုင်းဥပဒေအရ မီဒီယာ ကုမ္ပဏီတစ်ခုခုတွင် ရှယ်ယာပိုင်ဆိုင်သူအား ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တားမြစ်ထားသည်။

ထိုင်းပြည်သူများကို တွေ့ရစဉ်

ပီတာ၏ iTV တွင် ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်မှုအပေါ် စုံစမ်းစစ်ဆေးပေးရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရန်ခရိုင် လီကစ်ဝတ်တာနန် (Ruangkrai Leekitwattana)က ရွေးကောက်ပွဲကော်မရှင်အား တောင်းဆိုထားသည်။

တော်ဝင်မိသားစုနှင့် ပတ်သက်သော ပုဒ်မ ၁၁၂ အား ပြင်ဆင်မည့် ပါတီ၏ အငြင်းပွားဖွယ် မူဝါဒကြောင့် ပီတာ အား ထောက်ခံမဲပေးမည် မဟုတ်ဟု လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ကစ်တီဆတ် ရတ်တာနာဝါရာဟာ (Kittisak Rattanawaraha) က အင်္ဂါနေ့တွင် အတည်ပြု ပြောဆိုသည်။

လက်ရှိ လွှတ်တော်၏ ငါးနှစ်သက်တမ်းသည် လာမည့်နှစ် မေလ ၁၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ထို့နောက်တွင် ၎င်းသည် ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် ပါဝင်ခွင့်ရှိတော့မည် မဟုတ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ဝစ်စနူ ကရီယာဂမ် (Wissanu Krea-ngam) က ပြောသည်။

သို့သော် ၎င်းတို့တွင် အိမ်စောင့်အစိုးရအဖြစ် လုပ်နိုင်စွမ်း ဆက်ရှိနေဦးမည် ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်