CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၅ 

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက Move Forward(MFP)ပါတီ ခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) အပေါ် တရားစွဲဆိုထားသည့် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်မှု စွဲချက်များကို ပလပ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။ 

ပီတာသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်က မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ 

သို့သော် ပီတာ ရှယ်ယာဝင်ခဲ့သည့်  iTV ကုမ္ပဏီသည် မီဒီယာလုပ်ငန်းကို လုပ်ကိုင်တော့ခြင်းမရှိသဖြင့် ပီတာသည်  iTV တွင် ရှယ်ယာများ ပိုင်ဆိုင်မှုသည် ဖွဲ့စည်းပုံအခြခံဥပဒေနှင့် ရွေးကောက်ပွဲစည်းကမ်းများကို ချိုးဖောက်ခြင်း မရှိကြောင်း တရားရုံးက အမိန့်ချခဲ့သည်။ 

ထို့ကြောင့် ပီတာသည် ထိုအမှုကြောင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက ဆိုင်းငံ့ခံထားရသည့် လွှတ်တော်အမတ် နေရာကို ပြန်လည်ရရှိမည်ဖြစ်ပြီး နိုင်ငံရေးလောကထဲသို့ တစ်ကျော့ပြန် ဝင်ရောက်ရန် လမ်းပွင့်သွားစေခဲ့သည်။

တရားရုံး၏ စီရင်ချက်မချမီ ပီတာက သူ့အနေဖြင့် စွဲချက်မှ ကင်းလွတ်ခွင့် ရရှိမည်ဆိုပါက လွှတ်တော်အမတ် တာဝန်ကို မည်သည့်အချိန်တွင် ပြန်လည် ထမ်းဆောင်ရမည်ဆိုသည့်အချက်ကို လွှတ်တော်ဥက္ကဌ ဝမ် မူမာမက် နျူအာ မာသာ ( Wan Muhamad Noor Matha) နှင့် ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ 

ထိုင်းတရားရုံးကို တွေ့ရစဉ်

MFP ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရသည့် ပီတာသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်၌ iTV Plc ကုမ္ပဏီမှာ ရှယ်ယာ ၄၂,၀၀၀ ကို ပိုင်ဆိုင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲခဲ့ခြင်းဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သူများကို သတင်းစာများနှင့် အခြားမီဒီယာလုပ်ငန်းများ၌ ရှယ်ယာများ ပိုင်ဆိုင်ခွင့် ပိတ်ပင်ထားသည်။

ထို့နောက် ရွေးကောက်ပွဲကော်မရှင်က  ထိုအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ခဲ့ပြီးနောက် ခုံရုံးက အဆိုပါအမှုကို အပြီးသတ် မဆုံးဖြတ်ခင် အချိန်အထိ ပီတာကို လွှတ်တော်အမတ်အဖြစ်မှ ယာယီဆိုင်းငံ့ထားရန် အမိန့်ချမှတ်ခဲ့သည်။

ပီတာကမူ iTV ကုမ္ပဏီသည် မီဒီယာလုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ထိုရှယ်ယာများသည်လည်း သူ့ဖခင်ထံမှ အမွေဆက်ခံ ရရှိခဲ့ခြင်းဖြစ်ကာ သူသည် ထိုရှယ်ယာများကို စီမံထိန်းသိမ်းသူအဖြစ်သာ ဆောင်ရွက်ခဲ့ကြောင်း ခုခံ လျှောက်လှဲခဲ့သည်။

အဆိုပါ ရှယ်ယာများ၏ ပမာဏသည် မပြောပလောက်သော ပမာဏဖြစ်ပြီး ထိုရှယ်ယာများကို လုပ်ငန်း လည်ပတ်ခွင့်လည်း မရှိကြောင်း ပီတာက ပြောကြားခဲ့သည်။

Source: Thai PBS World