CNI International News

ဘန်ကောက်၊ သြဂုတ် ၃

လက်ရှိ တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် MFP ပါတီ၏ အမှုနှင့် ဝန်ကြီးချုပ် ဆရီသာသာဗီဆင် (Srettha Thavisin) ၏ အမှုတို့သည် ထိုင်းနိုင်ငံအတွက် နိုင်ငံရေး အကျပ်အတည်း ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ပီတာက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ယခုလအတွင်း အဓိကအတိုက်အခံပါတီဖြစ်သည့် Move Forward Party (MFP) ဖျက်သိမ်းခံရမည့် အခြေအနေနှင့် ဝန်ကြီးချုပ်အား ရာထူးမှ ဖယ်ရှားမည့် အခြေအနေသည် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှုကို ထိခိုက် စေနိုင်ကြောင်း MFP ခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) က သတိပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပီတာသည် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် MFP ပါတီကို ဦးဆောင်ခဲ့ပြီး ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခဲ့ခြင်း မရှိပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် လာမည့်သီတင်းပတ်တွင် MFP ပါတီကို တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် ကတိစကားနှင်အတူ ရွေးကောက်ပွဲ စည်းကမ်းများ ချိုးဖောက်မှုစွဲချက်ဖြင့် ပါတီအား ဖျက်သိမ်းရန် ရှိ/မရှိ စီရင်ချက် ချသွားမည်ဖြစ်သည်။

ဝန်ကြီးချုပ် ဆရီသာသာဗီဆင်ကို တွေ့ရစဉ် 

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် သီတင်းတစ်ပတ်အကြာတွင် ဝန်ကြီးချုပ် ဆရီသာကို ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုစွဲချက်ဖြင့် ရာထူးမှဖယ်ရှားရန် သင့်/မသင့် စီရင်ချက် ချသွားမည်ဖြစ်သည်။

ထိုအမှုနှစ်ခုတွင် MFP ပါတီ ဖျက်သိမ်းခံရခြင်း သို့မဟုတ် ဝန်ကြီးချုပ် ဆရီသာ ရာထူးမှ ဖယ်ရှားခံရခြင်းတို့ ဖြစ်လာခဲ့မည်ဆိုပါက နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက်လာမည်ဖြစ်ပြီး စီးပွားရေးကို ပြန်လည် ကောင်းမွန် စေရန် အားထုတ်ကြိုးပမ်းမှုများတွင် အခက်အခဲများနှင့် ရင်ဆိုင်လာရနိုင်ကြောင်း ပီတာက ပြောကြားခဲ့သည်။

"ထိုင်းနိုင်ငံမှာ ဒီမိုကရေစီဟာ ဘေးကင်းလုံခြုံစွာ ကာကွယ်ခံထားရတယ်လို့ ယူဆရပါတယ်" ဟု ပီတာက သြဂုတ် ၁ ရက်တွင် Bloomberg News နှင့်ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

ထို့ပြင် MFP ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဖျက်သိမ်းခဲ့မည်ဆိုပါက ဆန္ဒပြမှုများ ပေါ်ပေါက်လာ နိုင်ကြောင်း၊ သို့သော် ထိုဆန္ဒပြမှုများသည် ၂၀၂၀ ပြည့်နှစ်က Future Forward Party(FFP) ဖျက်သိမ်းခံရချိန်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများလောက် ကြီးမားပြင်းထန်နိုင်ခြေ ရှိ/မရှိ မသေချာကြောင်း ပီတာက ပြောကြားခဲ့သည်။

FFP ပါတီသည် ၂၀၂၀ ပြည့်နှစ်က ဖျက်သိမ်းခံခဲ့ရခြင်းဖြစ်ပြီး ထိုပါတီမှ ပါတီဝင်များသည် MFP အမည်ဖြင့် ပါတီသစ်တစ်ခုကို ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်