CNI International News

ဝါရှင်တန်၊ ဩဂုတ် ၃

စစ်အေးကာလနောက်ပိုင်း အမေရိကန်နှင့် ရုရှားအကြား အကြီးမားဆုံး အကျဉ်းသားလှဲလှယ်မှုအဖြစ် ဩဂုတ် ၁ ရက်တွင် အကျဉ်းသား စုစုပေါင်း ၂၄ ဦးကို လဲလှယ်ခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ရုရှားတွင် ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၁၆ ဦးသည် ဥရောပနှင့် အမေရိကန်နိုင်ငံများသို့ ပြန်လည်ရောက်ရှိ လာခဲ့ကြပြီး အပြန်အလှန်အနေဖြင့် အမေရိကန်၊ နော်ဝေ၊ ဂျာမနီ၊ ပိုလန်နှင့် ဆလိုဗေးနီးယားနိုင်ငံများတွင် ဖမ်းဆီးခံထားရသည့် ရုရှားအကျဉ်းသား ၈ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း အမေရိကန်က အတည်ပြုခဲ့သည်။

အမေရိကန်သို့ ပြန်လည်ရောက်ရှိလာသည့် အကျဉ်းသား ၃ ဦးတွင် Wall Street Journal သတင်းထောက် အီဗန် ဂါရှကိုဗစ်ချ် (Evan Gershkovich) ၊ အမေရိကန် မရိန်း စစ်မှုထမ်းဟောင်း ပေါလ် ဝီလန် (Paul Welan) နှင့် အမေရိကန်-ရုရှား နှစ်နိုင်ငံသား ခံယူထားသည့် ဂျာနယ်လစ် အယ်လ်ဆူ ကူမာရှီဗာ (Alsu Kurmasheva) တို့သည် ဩဂုတ် ၁ ရက် ညအချိန်တွင် အမေရိကန်မြေပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည် ပေါင်းစည်းခဲ့သည်။

အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ဖြင့် ပြန်လွှတ်လာသူကို ဟားရစ်က ကြိုဆိုနေစဉ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန်နှင့် ရုရှား အကြား ဆက်ဆံရေးသည် စစ်အေးကာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းနေသည့်တိုင် အကျဉ်းသား လဲလှယ်မှုကို အောင်မြင်စွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အကျဉ်းသားလဲလှယ်မှု ဆွေးနွေးညှိနှိုင်းမှုများတွင် ရုရှား၏ လုပ်ကြံသတ်ဖြတ်သူ တစ်ဦးနှင့် သူလျှိုမှု သံသယများ ဖြင့် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးမှု အပါအဝင် ဥရောပမဟာမိတ်များသည် ရုရှားက တောင်းဆိုသည့် အချက်အလက် အများအပြားကို လိုက်လျောပေးခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်သို့ ပြန်လည်ရောက်ရှိလာသူများကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ဒုသမ္မတ ဟားရစ်(Kamala Harris) တို့က ကြိုဆိုခဲ့ကြသည်။

အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ဖြင့် ပြန်လွှတ်လာသူကို ဘိုင်ဒန်က ကြိုဆိုနေစဉ်

"အခုလို အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်တွေရဖို့ တော်တော်ခက်ခဲပါတယ်။ ကျနော့်အတွက်တော့ ပြည်တွင်းနဲ့ ပြည်ပမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ဖို့ထက်ပိုပြီး အရေးကြီးတဲ့ကိစ္စမရှိပါဘူး" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် ထိပ်သီး ရုရှားအရာရှိများကလည်း မော်စကိုမြို့တော်ရှိ Vnukovo လေဆိပ်တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာ သူများကို ဂုဏ်ပြု အခမ်းအနားနှင့် ကြိုဆိုခဲ့သည်။

ယခင်အကျဉ်းသားလဲလှယ်ရေး ဆွေးနွေးမှုများတွင် ရုရှား၌ အကျဉ်းချခံခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီ (Alexei Navalny) ကို ပြန်လွှတ်ပေးရေး ပါဝင်သော်လည်း နာဗာညီသည် ဖေဖော်ဝါရီလက ကွယ်လွန်သွားခဲ့သဖြင့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ထဲတွင် နာဗာညီ ပါဝင်ခဲ့ခြင်းမရှိပေ။

Source: အေပီ