CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ကြား အုပ်ချုပ်ရေးအားပြိုင်မှုများ ဖြစ်ပေါ်လာနေသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းက နမ့်ခမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ကို SSPP မှ အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ယူကာ တပ်သားသစ်စုဆောင်းပေးရန် ပြောကြားခဲ့သည်။

ထို့နောက် SSPP အနေဖြင့် နမ့်ခမ်းမြို့နယ်အတွင်း တပ်သားသစ် စုဆောင်းခြင်း၊ စစ်ရေး၊ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ခြင်း၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် TNLA က  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှာ စာပို့ အသိပေးခဲ့သည်။

မဟာမိတ်အချင်းချင်းကြား ပြေပြေလည်လည်ဖြင့် ညှိနှိုင်းတိုင်ပင်မှုများ လုပ်ဆောင်ပါက အဆင်ပြေလိမ့်မည်ဟု  တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

SSPP ထံ TNLA က ပေးတဲ့စာကိုတွေ့ရစဉ်

၎င်းက “ကျမတို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ဒီတလောမှာ နည်းနည်းလေး ကြားနေရတဲ့ အနေအထား ဖြစ်တာ ပေါ့နော်၊ ကျမတို့ ထင်တာက ဒီလိုမျိုး ကိစ္စမှာက အချင်းချင်း နဂိုကတည်းကလည်း ဒီအဖွဲ့တွေ ဆိုတာက မြောက်ပိုင်းမဟာမိတ်တွေ ဖြစ်ကြတဲ့ အခါကြတော့ အချင်းချင်းကြားမှာ ညှိနှိုင်းတာမျိုး တိုင်ပင်တာမျိုးတွေ ဘယ်လိုပုံစံ ဖြစ်သင့်သလဲဆိုတဲ့ဟာတွေကို ပြေပြေလည်လည်နဲ့ တိုင်ပင်မှုတွေ ညှိနှိုင်းမှုတွေ လုပ်ရင်တော့ ပိုပြီးမှ အဆင်ပြေမယ်လို့ မြင်တယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ခမ်းမြို့ကို TNLA က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့သည်။

ထို့နောက် ယခုနှစ် ဇန်နဝါရီလ အစောပိုင်းက TNLA က နမ့်ခမ်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး သန်းခေါင်စာရင်း ကောက်ယူရန်နှင့် မြို့တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ အခွန်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တော်လှန်ရေး အင်အားစုများအနေဖြင့် ၎င်းတို့ သိမ်းယူထားသော မြို့များမှ နောက်ဆုတ်ပေးမှာ မဟုတ်ကြောင်း၊ သို့သော်လည်း နယ်မြေအငြင်းပွားမှုများ အများစုဖြစ်ပွားလာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

 နမ့်ခမ်းမြို့နယ် တရားရုံးရှေ့မှာ TNLA တပ်ဖွဲ့တွေကို တွေ့ရစဉ်

၎င်းက “အခုကတော့ တော်လှန်ရေး ဘောင်ကျယ်သွားတယ်ပေါ့ဗျာ၊ နမ့်ခမ်းဆိုတာတော့ မူလကတည်းက ဒီနေရာ ကနေပြီးတော့ ကျနော်ထင်တယ်၊ ကျနော်တို့ နယ်မြေမဟုတ်ပေမယ့် ရှမ်းတွေကတော့ အများစုရှိလိမ့်မယ်၊ ဒါပေမယ့် လောလောဆယ်ကတော့ တော်လှန်ရေးအင်အားစုဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ တအာန်းတို့က အဲဒီနယ်မြေကို သိမ်းပိုက်ရရှိတယ်ပေါ့နော်၊ သူတို့ သိမ်းပိုက်လိုက်လို့လည်း စစ်ကောင်စီဟာ နောက်ဆုတ်သွားတယ်ပေါ့ဗျာ၊ အဲဒီတော့ လောလောဆယ်မှာတော့ သူတို့ သိမ်းထားတဲ့ နယ်မြေကိုတော့ တအာန်းအနေနဲ့လည်း ဆုတ်ပေးမှာမဟုတ်ဘူး။ အဲဒီတော့ ဒေသခံဖြစ်တဲ့ ရှမ်းတွေနဲ့ ဘာပဲဖြစ်ဖြစ် ပွတ်တိုက်မှု တွေတော့ ရှိလိမ့်မယ်ပေါ့လေ၊ တနည်းအားဖြင့် ပြောရရင် သူပိုင်တယ်၊ ငါပိုင်တယ်ဆိုတာမျိုး အငြင်းပွားမှုတွေ ကတော့ တော်တော်များများ နမ့်ခမ်းရယ်မဟုတ်ဘူး တခြားနေရာတွေမှာလည်း ဆက်ပြီး ဖြစ်လာနိုင်တဲ့ အနေ အထားရှိတယ်” ဟု ပြောသည်။
အဆိုပါ ကိစ္စများအား သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် လက်နက်ဖြင့် ဖြေရှင်းခြင်း မဟုတ်ဘဲ တွေ့ဆုံ ညှိနှိုင်း အဖြေရှာသင့်ကြောင်း ၎င်းက ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် ရှမ်းလူမျိုးများ အဓိကနေထိုင်ကြပြီး မြန်မာပြည်ဖွား တရုတ်များ၊ အစိုးရဝန်ထမ်းများ၊ ပြည်မမှ လာရောက် အခြေချနေထိုင်သော ဗမာများ နေထိုင်ကြသလို ပတ်ဝန်းကျင်ရွာများနှင့် တောင်ပေါ်ဒေသများတွင် ကချင်လူမျိုးများနှင့် ပလောင်လူမျိုးများ နေထိုင်ကြသည်။

လက်ရှိတွင် နမ့်ခမ်းမြို့နယ်အတွင်း SSPP က တပ်အင်အားတိုးချလျက်ရှိနေသလို မြို့တွင်းမှာလည်း သွားလာလှုပ် ရှားမှုများ ရှိနေကြောင်း TNLA ကလည်း မြန်မာ့တပ်မတော်ထံကနေ တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့၍ အုပ်ချုပ်ရေး ထူထောင်ရန် ပြင်ဆင်လျက်ရှိနေသည်။