CNI International News

နယူးဒေလီ၊ မေလ ၁၇

အိန္ဒိယစစ်တပ်သည် တရုတ်နယ်စပ်အနီးရှိ အရှေ့လာဒက် (Eastern Ladakh) ဒေသတွင် တင့်ကားများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်မှ ယာဉ်အစီးရေ ၅၀၀ နှင့်အတူ ထိုဒေသတွင် ကမ္ဘာ့အမြင့်ဆုံး တင့်ကားပြုပြင်ရေး စက်ရုံနှစ်ခုကို တည်ဆောက်ခဲ့ကြောင်း Economic Times မှ ဖော်ပြခဲ့သည်။

အိန္ဒိယသည် တရုတ်နယ်စပ်အနီးရှိ ညိုမာ (Nyoma) နှင့် DBO Sector ဒေသတွင် ကျည်ကာကားများ ပြုပြင် ထိန်းသိမ်းရေး စက်ရုံနှစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုဒေသသည် အမြင့်ပေပေါင်း ၁၄,၅၀၀ ခန့်၌ တည်ရှိသဖြင့် ကမ္ဘာ့အမြင့်ဆုံး တိုက်ပွဲဝင် တင့်ကားများနှင့် ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်များ ပြုပြင်သည့် စက်ရုံများအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အရှေ့လာဒက်ဒေသက တရုတ်နဲ့ အိန္ဒိယ နယ်နိမိတ်ကိုတွေ့ရစဉ်

၂၀၂၀ ပြည့်နှစ် ဧပြီလမှ မေလတွင် အိန္ဒိယနှင့် တရုတ် စစ်သားများအကြား ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီးနောက် အိန္ဒိယသည် အရှေ့လာဒက်ဒေသ၌ Quick Reaction တိုက်ခိုက်ရေးယာဉ်များကဲ့သို့ အိန္ဒိယနိုင်ငံသို့ ကျည်ကာ ကားများ၊ BMP တိုက်ခိုက်ရေးယာဉ်များနှင့် တင့်ကားများကို ဖြန့်ကြက်ချထားခဲ့သည်။

“တင့်ကားတွေနဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေကို ပင်လယ်ရေမျက်နှာပြင်အထက် အရမ်းမြင့်တဲ့ နေရာဒေသ တွေမှာ ဖြန့်ကြက်ချထားခဲ့တာပါ။ အဲဒါကြောင့် အဲဒီလို မြေမျက်နှာပြင် အမြင့်မှာရှိတဲ့ တင့်ကားတွေကို မြေပြန့်ကို ပြန်ခေါ်ပြီး ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲပါတယ်” ဟု အိန္ဒိယစစ်တပ်အရာရှိများက ANI သတင်းဌာနသို့ ပြောကြားခဲ့ သည်။

“အဲဒီပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ အဲဒီဒေသမှာပဲ ကျည်ကာကားတွေ ပြုပြင်ထိန်းသိမ်းတဲ့ စက်ရုံတွေကို ညိုမာ ဒေသနဲ့ DBO Sector ဒေသတွေမှာ တည်ဆောက်ခဲ့ပါတယ်။ အဲဒီဒေသနှစ်ခုမှာ တင့်ကားတွေနဲ့ ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်တွေကို ပြုပြင်ထိန်းသိမ်းမှာဖြစ်ပြီး လာဒက်ဒေသ အရှေ့ပိုင်းကို အာရုံစိုက်သွားမှာ ဖြစ်ပါ တယ်” ဟု အိန္ဒိယစစ်တပ်အရာရှိများက ပြောကြားခဲ့သည်။

အိန္ဒိယစစ်တပ်သည် အပူချိန် အလွန်ကျဆင်းသည့် ဆောင်းရာသီတွင် ကုန်းမြင့်ဒေသများ၌ T-90 နှင့် T-72 တင့်ကားများ၊ BMP နှင့် K-9Vajra ဟောင်ဝဇ္ဇာများ အပါအဝင် ၎င်း၏တင့်ကားများကို လက်ခံထားရှိရေးအတွက် ကြီးမားသည့် အခြေခံ အဆောက်အအုံများကို ဖန်တီးခဲ့သည်။

အိန္ဒိယကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မနို့ဂျ် ပန်ဒီကို တွေ့ရစဉ်

မကြာသေးမီကလည်း အိန္ဒိယကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မနို့ဂျ် ပန်ဒီ (Manof Pande) သည် ကျည်ကာ တိုက်ခိုက်ရေးယာဉ် (AFV) များအတွက် အလတ်စား ပြုပြင်ထိန်းသိမ်ရေးစက်ရုံ တစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ သည်။ 

ကုန်းမြင့်ဒေသများတွင် တည်ဆောက်ခဲ့သည့် တင့်ကားပြုပြင် ထိန်းသိမ်းရေးစက်ရုံများသည် အပူချိန် အနုတ် ၄၀ ဒီဂရီအထိ ကျဆင်းသွားသည့် အခြေအနေမျိုးမှာပင် စက်ရုံကို လည်ပတ်နိုင်ကြောင်း အရာရှိများက ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ၄ နှစ်အတွင်း အိန္ဒိယနှင့် တရုတ်သည် လာဒက်ဒေသတွင် ထိပ်တိုက်တွေ့ခဲ့ပြီး နယ်စပ်ဒေသများ၌ စစ်သားအင်အား ၅၀,၀၀၀ စီ ဖြန့်ကြက်ချထားခဲ့သည်။

Source: Economic Times