CNI International News
နယူးဒေလီ၊ မေလ ၂၉
တရုတ်၏ ဆန်းပြားရှုပ်ထွေးသည့် ထောက်လှမ်းရေး စွမ်းဆောင်ရည်များကို သတိထားသည့်အနေဖြင့် အိန္ဒိယက CCTV ကင်မရာထုတ်လုပ်သည့် ကုမ္ပဏီများကို မကြာသေးမီက လုံခြုံရေးစည်းကမ်းအသစ်များ ချမှတ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အစိုးရ ဓာတ်ခွဲခန်းများ၊ တရားဝင် မှတ်တမ်းများနှင့် ကုမ္ပဏီ အီးမေးလ် များကို လေ့လာကြည့်ရှုခွင့်ရရန်အတွက် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ကုဒ်များတင်သွင်းရန် CCTV ကင်မရာ ထုတ်လုပ် သည့် ကုမ္ပဏီများအား မကြာသေးမီက လုံခြုံရေးစည်းကမ်းအသစ်များ ချမှတ်ခဲ့သည်။
ထိုကဲ့သို့ လုံခြုံရေးမူဝါဒ ချမှတ်ခဲ့မှုကြောင့် CCTV ကင်မရာ ထုတ်လုပ်သည့် လုပ်ငန်းတွင် ထောက်ပံ့မှု ပြတ်တောက်နိုင်သော သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် စည်းကမ်းထုတ်ပြန်မှုများ၊ ပြည်တွင်းစျေးကွက်ကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်သည့် မူဝါဒ ချမှတ်မှုများ ပြုလုပ်နေသည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ အစိုးရအဖွဲ့နှင့် ပြည်ပကုမ္ပဏီများ အကြား အငြင်းပွားမှုများ ပိုမိုမြင့်တက်စေခဲ့သည်။
CCTV ကင်မရာများကို တွေ့ရစဉ်
တရုတ်၏ ထောက်လှမ်းရေး စွမ်းဆောင်ရည်များကို သတိထားသည့် အနေဖြင့် အိန္ဒိယက ထိုကဲ့သို့ လုံခြုံရေး စည်းကမ်းများ တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု မူဝါဒချမှတ်မှုတွင် ပါဝင်သော အိန္ဒိယအရာရှိတစ်ဦးက ပြောကြား ခဲ့သည်။
၂၀၂၁ ခုနှစ်က မိုဒီ၏ နည်းပညာဝန်ကြီးတစ်ဦးက အိန္ဒိယအစိုးရဌာနများတွင် တပ်ဆင်ထားသည့် ကင်မရာ ၁ သန်း ခန့်သည် တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သော ကင်မရာများဖြစ်ကြောင်း၊ ဗွီဒီယိုဒေတာများကို ပြည်ပဆာဗာ များသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး လုံခြုံရေးအားနည်းချက်များရှိခဲ့ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။
ဧပြီလတွင် ချမှတ်ခဲ့သည့် စည်းကမ်းချက် အသစ်များအရ တရုတ်၏ Hikvision၊ Xiaomi(ဟစ်ရှ်ဗစ်ရှင်း ရှောင်မီ) နှင့် Dahua(ဒါဟွာ) ကုမ္ပဏီများ၊ တောင်ကိုရီးယား၏ Hanwha(ဟန်ဝါ)ကုမ္ပဏီ၊ အမေရိကန်၏ Motorola Solutions ကုမ္ပဏီများကဲ့သို့ CCTV ထုတ်လုပ်သည့်ကု မ္ပဏီများသည် အိန္ဒိယနိုင်ငံကို CCTV ကင်မရာများ မရောင်းချမီ အိန္ဒိယအစိုးရထံ ကင်မရာများ စမ်းသပ်မှု အချက်အလက်များကို တင်သွင်းရမည်ဖြစ်သည်။
ထိုမူဝါဒကို ဧပြီ ၉ ရက် ကတည်းက အင်တာနက်နှင့် ချိတ်ဆက်ထားသည့် CCTV ကင်မရာများ ပြုလုပ်မှု သို့မဟုတ် တင်သွင်းဝယ်ယူမှု အားလုံးအပေါ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
CCTV ကင်မရာများကို တွေ့ရစဉ်
“သူလျှိုလုပ်ခံရမယ့် အန္တရာယ်ကတော့ အမြဲတမ်းရှိနေပါတယ်။ ရန်သူတွေဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ CCTV ကင်မရာတွေကို ထိန်းချုပ်နိုင်ပါတယ်။ လုံခြုံရေးကို တင်းကြပ်ဖို့လိုပါတယ်” ဟု ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အိန္ဒိယ၏ ဆိုက်ဘာလုံခြုံရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂူလ်ရှန် ရိုင် (Gulshan Rai) က ပြောကြားခဲ့သည်။
အိန္ဒိယအရာရှိများသည် ဧပြီ ၃ ရက်က Hanwha၊ Motorola၊ Bosch၊ Honeywell နှင့် Xiaomi ကုမ္ပဏီတို့ အပါအဝင် ပြည်တွင်း/ပြည်ပ လုံခြုံရေးကင်မရာ ထုတ်လုပ်သည့် ကုမ္ပဏီများ၏ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံမှုတွင် ကုမ္ပဏီအများစုက ၎င်းတို့သည် စည်းကမ်းအသစ်များကို လိုက်နာရန် အသင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပြီး အချိန်ဆွဲပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် အိန္ဒိယအရာရှိများက ထိုတောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး အစိုးရ၏ မူဝါဒသည် စစ်မှန်သည့် လုံခြုံရေး ပြဿနာကို ဖြေရှင်းမှုဖြစ်ကြောင်းနှင့် စည်းကမ်းအသစ်များကို လိုက်နာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ