CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃

ထိုင်းနိုင်ငံတွင် ‌တရားမဝင် အလုပ်လုပ်ကိုင်နေသူများအားလုံးကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တစ်လတိတိ လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းအာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။

ထိုကိစ္စသည် ထုတ်ပြန်ချက်အဖြစ် ထွက်ရှိထားပြီးဖြစ်သော်လည်း ထိုင်းတော်ဝင်မိသားစုဘက်မှ အတည်ပြု လက်မှတ် ထိုးပြီးမှသာ အကျုံးဝင်မှာဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်

၎င်းက “မနေ့ကအထိကတော့ အဲဒီဟာက ထုတ်ပြန်ချက်အနေနဲ့ ထွက်ထားတာတော့ ဟုတ်တယ်။ ဒါပေမယ့် အဲဒီဟာကို အတည်ပြုတဲ့ဟာ မပါသေးတော့ အကျုံးမဝင်သေးဘူးလို့ ပြောလို့ရတာပေါ့။ စာထဲမှာကိုပဲ အဲဒီလို ရေးထားတာကို။ ဒီထုတ်ပြန်ချက်ကို တော်ဝင်ဘက်ကနေ အတည်ပြု လက်မှတ်ထိုးပြီးမှ ဒီဟာက အကျုံးဝင်မယ်။ အခု သူတို့အနေနဲ့က ရှုပ်ထွေးနေတဲ့ အခြေအနေ ဖြစ်နေတာကို။ ရှုပ်ထွေးနေတယ်ဆိုတာက အခု လူအဟောင်း ပေါ့နော်။ ရှိပြီးသားလူတွေ သက်တမ်းတိုးရမယ့်ကိစ္စရယ်၊ အထောက်အထားမရှိတဲ့ အုပ်စုရယ်၊ မှီခိုတဲ့ အုပ်စုရယ် ဒါတွေကို တိုးပေးဖို့ ဖြစ်တဲ့အခါကြတော့ သူတို့မှာလည်း အွန်လိုင်းကနေ အီလက်ထရောနစ်စနစ်နဲ့ သွင်းတဲ့အခါ အခက်အခဲရှိတာတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက မြန်မာဘက်နဲ့ ညှိနှိုင်းနေတဲ့ အခြေအနေမျိုး ရှိတာကို။ မြန်မာဘက်က တောင်းဆိုတဲ့ဟာတွေက အတိအကျတော့ မသိရပေမယ့် အကြမ်းဖျင်း သိရသလောက် အထောက်အထား သက်တမ်းတိုးတဲ့ အုပ်စုဆိုရင် လက်မှတ်အသစ်တွေ ပြန်လုပ်ရမယ်၊ အခွန်မဖြစ်မနေ ဆောင်ရ မယ်။ နေရပ်ကို ပြန်ပြီးတော့ ငွေလွှဲရမယ်။ MOU စနစ်အတိုင်း ပြန်သွားရမယ်။ တော်တော်လေး ခက်ခဲတာပေါ့။ တစ်သီးပုဂ္ဂလ အလုပ်ရှင်တွေက အများကြီးကို” ဟု ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

ထိုအမိန့် ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် PV, PJ, CI စသည့် အထောက်အထား စာအုပ်များ ကိုင်ဆောင်၍ အလုပ်လုပ်နေသော်လည်း စာအုပ်သက်တမ်း ကုန်ဆုံးနေသူများနှင့် အထောက်အထား ဘာတစ်ခုမှ လုံးဝမရှိသည့် ရွှေ့ပြောင်းလုပ်သားအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ထိုသို့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို လွတ်လပ်စွာ နေထိုင်ခွင့် ပြုထားသော်လည်း အလုပ်ရှင်များ အနေဖြင့် သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားစီမံခန့်ခွဲရေးရုံးသို့ မိမိအလုပ်သမားများ၏ နာမည်၊ နေရပ်လိပ်စာ၊ အသက်၊ မည်သည့်နိုင်ငံသား စသည့် အချက်အလက်များအား ပေးပို့ထားရမည်ဖြစ်ကြောင်း သိရသည်။

ယခင်ကလည်း ယခုကဲ့သို့ လွတ်လပ်စွာ နေထိုင်ခွင့်ပြုခြင်းများအား ပြုလုပ်ပေးလေ့ရှိကြောင်း၊ ထိုသို့ ပြုလုပ်‌ ပေးသည့် သက်တမ်း ကျော်လွန်သွားပါက အဖမ်းအဆီးများ ရှိလာကြောင်း ထိုင်းတွင် ရွှေ့ပြောင်းလုပ်ကိုင်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဘတ်ပန်းရောင်ကဒ် ကိုင်ထားသူ တစ်ဦးကိုတွေ့ရစဉ်

၎င်းက “ဖြစ်မယ့် အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်လထဲမှာ သူတို့က အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား အကုန်လုံးကို ဧည့်စာရင်းတိုင်သလိုပေါ့ ဘယ်အိမ်မှာနေတယ်၊ ဘယ်သူဋ္ဌေးဆီမှာရှိတယ်။ သူတို့ကောက်နေတယ်။ ကောက်တဲ့ဟာကို သူတို့က အထောက်အထား မရှိတဲ့သူတွေက ဘယ်အိမ်မှာနေတယ် ဆိုတာ တင်ထားပြီးပြီဆိုရင် ဒီလူတွေက အထောက်အထားရှိတဲ့ လူတွေလိုဖြစ်သွားသလို ဖမ်းလို့မရဘူး။ နယ်ကျော်တာတို့ ဘာတို့ မိရင်တော့ မိပေါ့လေ။ ဒီလနောက်ပိုင်းကတော့ သူတို့ ဒီတစ်လ ပြည့်သွားရင်တော့ ဖမ်းမယ့် အနေအထားတွေတော့ ရှိတာပေါ့။ သူတို့ ဥပဒေအတိုင်းပဲလေ။ အခုလက်ရှိဖြစ်နေတဲ့ ပြဿနာက လာမယ့်နှစ် ၂ လပိုင်းမှာ အထောက်အထားတွေ၊ ဗီဇာ၊ ဝေ့ါပါမစ်တင်တဲ့လူတွေက အခုလက်ရှိ ဘာတစ်ခုဖြစ်နေလဲ ဆိုတော့ မြန်မာဘက်အခြမ်းက လက်မခံတာက အခွန်လိုချင်တာပေါ့။ ဒီကိစ္စတစ်ခုတော့ ပြဿနာတက်နေတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ အပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်ပန်းရောင်ကဒ်အား ဒီဇင်ဘာလ နောက်ဆုံးထား၍ ပြုလုပ်ကြရန် အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုကိစ္စအား စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုထားပြီးဖြစ်သော် လည်း ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုးရန် တင်သွင်းထားဆဲဖြစ်ကြောင်း သိရသည်။