CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂

ထိုင်းတွင် တရားမဝင် အထောက်အထားမဲ့များနှင့် ၎င်းတို့၏ သားသမီးများအား နေထိုင်အလုပ်လုပ်ခွင့် အထောက် အထားများ ထုတ်ပေးရာတွင် လွယ်ကူစွာပြုလုပ်နိုင်ရန် ပြုပြင်ပြောင်းလဲသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ အပါအဝင် နိုင်ငံလေးနိုင်ငံမှ တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ နှင့် ၎င်းတို့၏ အသက် ၁၈ နှစ်အောက် ကလေးများပါ နေထိုင်ခွင့်ပေးမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက် ထွက်ရှိလာခဲ့သည်။

အထောက်အထား ပြုလုပ်ရာတွင် လွယ်ကူမှုမရှိသဖြင့် ပွဲစားများကို သတ်မှတ်နှုန်းထားထက် ကျော်လွန်၍ အခ ကြေးငွေများ ပေးနေရသည့်အတွက် အထောက်အထားပြုလုပ်ရသည့် လုပ်ငန်းစဉ်များအား လျှော့ချသင့်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

အထောက်အထားများကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ထိုင်းမှာက မည်သည့် လုပ်ဆောင်ချက်တွေပဲလုပ်လုပ် စာရွက်စာတမ်းတွေ ထုတ်တာတို့၊ လုပ်တာတို့ဆိုရင် အမြဲထာဝရ ထိုင်းအာဏာပိုင်တွေက စနစ်တကျ စောင့်ကြပ်ကြည့်ရှု နိုင်စွမ်းမရှိတဲ့အတွက် ကြောင့် ပွဲစားတွေရဲ့ ပါဝင်ပတ်သက်မှုက အလုံးအရင်းနဲ့ တက်တက်လာတာကို တွေ့ရတယ်။ နောက်လုပ်ဆောင် ပုံ အဆင့်ဆင့်ကိုလည်း ချုံ့ပစ်ရမှာ အမှန်က။ လမ်းကြောင်း ဥပမာ လိုတိုရှင်းပေါ့။ သာဓက တစ်ခုပြရမယ်ဆို ဟိုတုန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီတုန်းက နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကဒ်တွေ လုပ်တယ်ဆိုရင် သူဋ္ဌေးက အလုပ်သမားကို ခေါ်သွားတယ်။ အဲဒီမှာပဲ တစ်နေကုန် ထိုင်စောင့်လိုက်တယ်။ ပြီးရင်တစ်ခါတည်း ငွေရှင်းပြီး ထွက်လာတယ်။ အခုဒီလုပ်ငန်းစဉ်တွေကြတော့ အဲဒီလိုမဟုတ်ဘဲနဲ့ လုပ်ငန်းစဉ်တွေ တအားအဆင့်ဆင့်တွေ တအားအများကြီး ဖြစ်အောင်လုပ်ထားတဲ့အခါမှာ နောက်ဆုံး အကျိုးတော်ဆောင်ပွဲစားတွေ ပါဝင်ပတ်သက်ရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေတယ်” ဟု ပြောသည်။

နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ၏ တောင်းဆိုချက်များအရ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတွင်း သေဘာတူညီလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အထောက်အထားမဲ့ အလုပ်သမားများအား အလုပ်သမားသစ်အဖြစ် မှတ်ပုံတင်ပေးပြီး ကုန်ကျစရိတ် အသေးစိတ် နှင့် မှတ်ပုံတင် လုပ်ငန်းစဉ်များအား ထိုင်းဘုရင့်နန်းတော်၏ ခွင့်ပြုချက်ရပြီးနောက် အာဏာပိုင်များက ထုတ်ပြန်မှ သာ သိရမည်ဖြစ်သည်။

အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးများပါရှိပါက နေထိုင်ခွင့် ရရှိမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူများ ဖြစ်ပါက နေထိုင်ခွင့်အား အလုပ်သမားသစ်အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

၎င်းက “အဲဒီ လေးနိုင်ငံသားတွေရဲ့ မှီခို ၁၈ နှစ်အောက်တွေက အကြောင်းကြားရမယ်။ အကြောင်းကြားပြီးတော့ နေထိုင်ခွင့်ပေါ့ အလုပ်လုပ်ခွင့် မဟုတ်ဘူးနော်။ နေထိုင်ခွင့်အတွက် သက်ဆိုင်ရာပြည်နယ်တွေမှာ လျှောက်ရမှာ။ သက်ဆိုင်ရာ ပြည်နယ်တွေမှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနတွေကနေ တဆင့်ပေါ့။ အဓိက စပြီးတော့ အလုပ်သမား မှတ်ပုံတင်စာရင်းကို တင်တဲ့အချိန်မှာ ကိုယ့်သားသမီးရဲ့ အချက်အလက်နဲ့ ဦးရေပေါ့၊ အဲဒါတွေ ပါဖို့ လိုတယ်။ အရေးကြီးတယ်။ အဲဒီဟာပါမှ ခုနကပြောတဲ့ မိဘဖြစ်တဲ့ အလုပ်သမားက အထောက်အထား လုပ်ငန်း စဉ်တွေ ဆက်လုပ်တဲ့အခါမှာ မှီခိုတဲ့ကလေးတွေရဲ့ အထောက်အထားက ထွက်လာမှာ။ အဲဒီမှာလည်း တစ်ခါ အသက် ၁၈ နှစ်ပြည့်မယ့် အုပ်စုဆိုရင် ဥပမာ အခုစာရင်းတင်ပြီးလို့ အသက် ၁၈ နှစ်က မကြာခင်  ပြည့်မယ်ဆိုရင် အဲဒီလူမျိုးတွေဆို စာရင်းတင်ပြီး ရက်ပေါင်း ၆၀။ နှစ်လပြည့်ပြီးရင် အဲဒီလူတွေက အလုပ်လုပ်ခွင့် သက်သက်တင် ရမယ် ဘာလို့ဆို ၁၈ နှစ် ပြည့်ပြီးသွားတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့” ဟု ပြောသည်။

ထို့အပြင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ အလုပ်သမား ၂၀၀ နှင့်အထက်ရှိသည့် လုပ်ငန်းများ၌ တစ်ရက် အခြေခံ လုပ်ခလစာကို ဘတ် ၄၀၀ သို့ တိုးမြှင့်ပေးမည့် ကိစ္စနှင့်ပတ်သက်၍လည်း အစည်းအဝေးတွင် လူပုဂ္ဂိုလ် မစုံလင်သဖြင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်လယ်ပိုင်းမှ စတင်ကာ ရက်ပိုင်း ၁၂၀ စီမံချက်ဖြင့် ဖမ်းဆီးသည့်အထဲ၌ မြန်မာနိုင်ငံသား ၂ သိန်းနီးပါး ဖမ်းဆီးခံရကြောင်းလည်း သိရသည်။